ကိုင်ဟာဗက် ရဲ့ ချာတူးလန်ချက်ကြီးကို မိုက်ကယ်အိုဝင် မယုံနိုင် ဖြစ်နေ

နည်းပြ အာတီတာရဲ့ အာဆင်နယ် ပွဲထွက် လူစာရင်းမှာ ဆက်တိုက် ပါဝင်ခွင့် ရနေတဲ့ တိုက်စစ်သမား ကိုင်ဟာဗက် ဟာ အခုထိ ခြေစွမ်းပြနိုင်ဖို့တော့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။

ဒီနွေအပြောင်းအရွှေ့မှာ အာဆင်နယ်က ဂျာမန်သား တိုက်စစ်သမားကို ပေါင် ၆၅ သန်း ထိ ကြေးကြီး ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာဗက်ကတော့ မျှော်လင့်ထားသလို စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။

ဟာဗက်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ ဂိုး သွင်းကို သွင်းနိုင်ရမယ့် အပိုင် အခွင့်အရေးကြီး တစ်ချက်ကို လွဲချော်သွားခဲ့ပါသေးတယ်။

ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ၃ ကိုက်စည်းမှာ ဟာဗက်ရဲ့ လွဲချက်ကြီးကို မန်ယူနဲ့ လီဗာပူး တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်က မယုံနိုင်အောင် ဖြစ်နေပါတယ်။

” ခင်ဗျားတို့လည်း ကြည့်လေ ကြည့်လေ နားမလည်နိုင်လေပဲ မဟုတ်လား။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက်က ဒီလို ဘောလုံး လွဲချက်ကြီးကဗျာ..။

တကယ်လို့ ဘောလုံးက တစ်နာရီ မိုင် ၁ဝဝ နှုန်းလောက် အရှိန်နဲ့ လာနေတယ် ဆိုရင်လည်း ကျနော် မပြောပါဘူး။ ဒါပေမယ့် အခုက အေးအေးဆေးဆေး သူ့ ဆီ ရောက်လာတယ်၊ လှလိုက်တဲ့ ဘောလုံး ထိချက်လေးနဲ့ဗျာ။ ကိုင်ဟာဗက် ရှေ့ကို ကွက်တိ ကျလာတာ။

အဲဒီချိန်မှာပဲ သူက ဘောလုံး ကန်လိုက်တာ ချော်ထွက်သွားတယ်တဲ့ဗျာ။ ဘယ်လိုမှကို နားလည်နိုင်စရာ မရှိဘူး။ သူက ဘောလုံးကို ကန်တာ လွဲသွားတယ်တဲ့။ သူက ယုံကြည်မှု ကျဆင်းနေတာ ဖြစ်မယ်။ ဟုတ်တယ်မလား။ ” လို့ အိုဝင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။