ရိုက်စ်နဲ့ အတူ အာဆင်နယ် သိပ်ကောင်းလာပေမယ့် ပရီးမီးယားလိဂ် ရကို မရနိုင်တဲ့ အကြောင်းအရင်းအား ဖော်ထုတ်လိုက်သူ

ပရီးမီးယားလိဂ် ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ချ်က ဒီရာသီ အာဆင်နယ်အသင်း လူစာရင်း တောင့်တင်းလာမှုနဲ့ ရိုက်စ်ကို ခေါ်ယူနိုင်ခဲ့မှုတွေကို အတော်လေး အထင်ကြီးနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ဆားဗေ့ချ်က မြင်ပါတယ်။

မန်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရတဲ့ပွဲအတွင်း အာဆင်နယ် ကွင်းလယ်ရဲ့ မောင်းနှင်နိုင်စွမ်းဟာ အတော်မြင်သာခဲ့တာပါ။ အိုဒီဂတ်က အာဆင်နယ်အတွက် ပထမဂိုး ရယူပေးခဲ့သလို ရိုက်စ်ကလည်း ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

မနှစ်ကထက် ပိုမို အင်အားတောင့်တင်းလာတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေထဲ ပါဝင်လာပါတယ်။

ရော်ဘီ ဆားဗေ့ချ်က “ ယူနိုက်တက်နဲ့ ပွဲမှာ ရိုက်စ် သိပ်ကောင်းပါတယ်။ ဝေဖန်ခံနေရပေမယ့် ဟာဗက်ကလည်း ကောင်းလာဦးမှာပါ။ အာဆင်နယ်အတွက် အိုဒီဂတ်က ဂိုးသွင်းနိုင်ခဲ့ပြီး သူတို့ ကွင်းလယ်က တော်တော် သန်မာပါတယ်။

အိုဒီဂတ်နဲ့ ရိုက်စ် အတွဲက ပိုကောင်းလာဖို့ပဲရှိတယ်။ ရိုက်စ်ဆိုရင် ခံစစ်အတွက်တင် မဟုတ်ဘဲ တိုက်စစ် အတွက်ပါ ကူညီနိုင်စွမ်း ရှိပါတယ်။ ဂိုးသွင်းနိုင်တယ်၊ ဦးဆောင်နိုင်တယ်၊ သူက အာဆင်နယ် လူစာရင်းကို အရည်အချင်း အများကြီး ထည့်ပေါင်း ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့်လို့ အာဆင်နယ်တို့ အမှတ်ပေးဖလား အောင်မြင်မယ် မထင်ပါဘူး။ ရိုးရိုးလေးပါပဲ။ မန်စီးတီးကြောင့် သူတို့ မရနိုင်တာပါ။ ပရီးမီးယားလိဂ်မှာ မန်စီးတီး မရှိခဲ့ရင်တော့ အာဆင်နယ်ရနိုင်ပါတယ်။ အာဆင်နယ်အတွက် ကံ မကောင်းတာက စီးတီးတို့ ပရီးမီးယားလိဂ်မှာ ရှိနေတာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။