မန်ချက်စတာ ယူနိုက်တက်မှာ လက်ရှိ စွမ်းဆောင်ရည် အဆိုးဝါးဆုံး ဖြစ်နေတဲ့ ကစားသမား ၄ ဦး

မန်ချက်စတာ ယူနိုက်တက်ဟာ လတ်တလောမှာ ကစားသမားတချို့ရဲ့ ခြေစွမ်းတွေ ဆိုးဆိုးဝါးဝါး ဖြစ်နေတာနဲ့ ရင်ဆိုင်နေကြပါတယ်။ ဒီတလော ခြေစွမ်းပြဖို့ အတော် ရုန်းနေရတဲ့ ကစားသမား က ၄ ဦး ရှိပါတယ်။

ဆန်ချို

တချိန်က အလားအလာ အကောင်းဆုံး အင်္ဂလန် ကြယ်ပွင့် တစ်ယောက်က အခုတော့ အကျဘက် ရောက်နေပါတယ်။ ပြီးခဲ့ရာသီက အရန်ခုံမှာသာ နေခဲ့ရသလို ဒီရာသီမှာလည်း အရင် အတိုင်းပါပဲ။ မျှော်လင့်ထားသလောက် လုပ်မပြနိုင်သလို ထရိန်နင်မှာလည်း နည်းပြ စိတ်ကျေနပ်လောက်တဲ့ အားထုတ်မှု မရှိဘူး ဖြစ်နေပါတယ်။ လူမှုကွန်ယက်ကနေ နည်းပြကို ပြန်ပြောလိုက်တာကလည်း ဒရမ်မာ ပိုဆန်သွားခဲ့ပါပြီ။

မေဆန်မောင့်

မေဆန်မောင့်ရဲ့ မန်ချက်စတာ ယူနိုက်တက် အကူးအပြောင်းက အစတည်းနေ ခုထိ မဟန်လှသေးပါဘူး။ ကွင်းလယ်မှာ ကာဆီမီရို၊ ဘရူနိုနဲ့ မောင့်တို့ အတွဲက အခုထိ စည်းဝါးမကိုက်ဘူး ဖြစ်နေပါတယ်။ ရာသီသစ်မှာ ၂ ပွဲ ပါခဲ့ရပေမယ့် ခြေစွမ်းက ညံ့ခဲ့ပါတယ်။ ဒါ့အပြင် စပါးကို ၂-၀ နဲ့ ရှုံးတဲ့ ပွဲ အပြီးမှာ မက်ဒီဆန်နဲ့ သွား ရယ်မောနေတာက အသင်းကိုရော ပရိသတ်တွေကိုပါ လေးစားမှု မရှိရာ ကျသွားခဲ့ပါတယ်။

မာရှယ်

ယူနိုက်တက်ရဲ့ ဝါရင့် သက်တော်ရှည် အသင်းသား ဖြစ်နေပေမယ့် မျှော်လင့်ထားသလို လုပ်မပြနိုင်သေးသူပါ။ ဖောရက်စ်နဲ့ ပွဲမှာလည်း အထင်ကြီးလောက်ဖွယ် လုပ်မပြနိုင်ခဲ့ပါဘူး။ အသင်းရဲ့ အဓိက ကစားသမား အဖြစ် မာရှယ် ပါဝင်ခဲ့တဲ့ နေ့ရက်တွေက ကုန်ဆုံးသွားဟန် ရှိပြီး ကွင်းထဲမှာ သူက လူပိုကြီး သက်သက် ဖြစ်နေပြီလို့ ပြောဆိုနေကြပါပြီ။

အိုနာနာ

အိုနာနာရဲ့ တောက်ပချက် တချို့တွေကို မြင်ထားရပေမယ့် သူ့ရဲ့ အားနည်း လစ်ဟာချက်တွေကိုလည်း မြင်တွေ့ထားကြပါပြီ။ ပထမ ၄ ပွဲမှာ ၇ ဂိုး ပေးထားရတယ်၊ clean sheet တစ်ပွဲသာ ရှိတယ် ဆိုတာက အများ မေးခွန်းထုတ်ချင်စရာပါ။

ခြေထဲမှာ ဘောလုံး ကောင်းကောင်း ထားပြီး ဖြန့်ဝေနိုင်တယ် ဆိုပေမယ့် ပရိသတ်တွေက ဂိုးမပေးရတာကို ပို မြင်ချင်နေကြပါတယ်။ ဂိုး ကာကွယ်မှု စွမ်းရည်တွေ ပိုကောင်းစေချင်နေကြပြီး အထူးသဖြင့် ရိုက်စ် ဂိုးကို မကာကွယ်နိုင်တာက ပို ထောက်ပြစရာ ဖြစ်နေပါတယ်။