တော့ဒ်ဘိုလေ အသင်းပိုင်ရှင် ဖြစ်လာပြီးနောက် ချယ်ဆီး အသင်းဟာ ငယ်ရွယ် အလားအလာရှိတဲ့ ကစားသမား ကောင်းတွေအား ငွေ အတွက် လက်မတွန့်ဘဲ တောက်လျောက် ခေါ်ယူနေခဲ့တာပါ။
အခု နွေဈေးကွက် ပိတ်သွားချိန်မှာလည်း ချယ်ဆီးတို့ ငြိမ်မနေသေးဘဲ နောက်ထပ် ခေါ်ယူမှု လုပ်ဖို့ လှုပ်ရှားနေပါသေးတယ်။
ဘရာဇီးလိဂ်မှာ အလားအလာ အရှိဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် မှန်းဆမှုတွေ ရထားတဲ့ ဂါဘရီရယ် မိုစကာဒို ကို အင်္ဂလန်ကလပ် အချို့အပြင် အီတလီ၊ စပိန်ကလပ်တွေနဲ့အပြိုင် ချယ်ဆီးဘက်က ကြိုးစားနေတာ ဖြစ်ပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ကွင်းလယ်လူအတွက် Corinthians ဘက်က ယူရို သန်း ၃၀ ရလိုနေပြီး ချယ်ဆီး အသင်းကတော့ ယူရို သန်း ၂၀ လောက်ဖြင့် ရလိုနေတာ ဖြစ်ပါတယ်။
ချယ်ဆီး အသင်းဟာ ကွင်းလယ်လူအတွက် အဖွင့် ကမ်းလှမ်းမှုကိုလည်း အဆိုပါ ပမာဏဖြင့် စတင်ထားပါပြီ။ သဘောတူညီမှု မရသေးပေမယ့်လို့ စကားပြောမှုက အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။
ချယ်ဆီးပိုင်ရှင် တော့ဘိုးလေဟာ ကွင်းလယ်အတွက် လူငယ် ကြယ်ပွင့်တွေကို စုစည်းနေကာ အန်ဇို၊ ကိုင်ဆီဒို၊ လာဗီယာတို့ကိုလည်း ခေါ်ယူထားပြီ ဖြစ်ပါတယ်။ မိုစကာဒိုကလည်း ၎င်းတို့နည်းတူ ခံစစ်ကိုအားပြုတဲ့ ကွင်းလယ်လူ ဖြစ်ပါတယ်။
မိုစကာဒိုဟာ အခုမှ ဆယ်ကျော်သက်ပဲ ရှိသေးကာ ပထမအသင်းအတွက် အဆင်သင့် သုံးဖို့တော့ အချိန်တစ်ခု ယူရဦးမှာပါ။ ဒါပေမယ့်လို့ လာမယ့် နှစ်အနည်းငယ်အတွင်း ချယ်ဆီးဟာ အရည်အချင်းကောင်းတွေနဲ့ ကစားသမားတွေ ကို စုစည်းမိထားပြီး ဖြစ်လာဖို့ ရှိနေပါတယ်။