အင်္ဂလန် အကောင်းဆုံး နောက်ခံလူကို ကျော်ပြီး မက်ဂွဲရားကိုချည်း ရွေးနေတာ ပုဂ္ဂိုလ်ရေးကြောင့် လို့ သုံးသပ် ထောက်ပြမှု

အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဒီလ စက်တင်ဘာ နိုင်ငံတကာ သီတင်းပတ်မှာ ယူကရိန်း၊ စကော့တလန်တို့နဲ့ ရင်ဆို င်ကစားရမှာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ သူ့ရဲ့ လူစာရင်း ရွေးချယ်မှုမှာ အာဆင်နယ် နောက်ခံလူ ဘမ်ဝှိုက်ကို ချန်လှပ်ခဲ့တယ်။ ဒါဟာ မနှစ်က ကမ္ဘာဖလားမှာ ဘမ်ဝှိုက်က အိမ်ပြန်လာရအပြီး အခုချိန်ထိ လက်ရွေးစင်အသင်းကနေ ဖယ်ထုတ်ထားမှု ဖြစ်လာခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး talkSPORT သတင်းထောက် အတ်ဒရီယန် ဒူရမ်က သူတို့ နှစ်ဦးကြားမှာ တစ်ခုခုတော့ ဖြစ်ခဲ့တယ်ဆိုပြီး အခုလို ထင်မြင်ချက် ပေးလာခဲ့ပါတယ်။

“ ဒါက အရှုပ်အရှင်း တစ်ခုခု ရှိနေတာပဲ မဟုတ်လား။ ဘမ်ဝှိုက်က အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းမှာ ကစားနေတာပါ။ သူက အဲ့မှာ ခြေစွမ်းလည်း ကောင်းနေတယ်။ ခံစစ်မှာ ညာအစွန်ကော၊ ဗဟိုခံစစ်မှူး အဖြစ်ပါ စွယ်စုံ သုံးလို့ရတယ်။ သူက ကွင်းလယ်မှာတောင် ကစားနိုင်သေးတယ်။

သူ့ကို ဘာကြောင့် ချန်ခဲ့လဲဆိုတာ လုံလောက်တဲ့ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ကမ္ဘာ့ဖလားကနေ အိမ်ပြန် လာပြ ည်းက ဘာကြောင့် သူ ဒီလို အိမ်ပြန်လာတာလဲ ကျနော်တို့ အားလုံး အံ့ဩနေကြပါတယ်။ တစ်ခုခု အမှား မရှိဖို့ မျှော်လင့်တယ်။ ဘာကြောင့်မှန်း ကျနော်တို့ မသိရသေးပါဘူး။

ဆောက်ဂိတ်က သူ့ကို လူစာရင်းထဲ မခေါ်တော့ဘူး။ ဘာကြောင့်ဆိုတာ ကျနော်တို့ မကြားရသေးဘူး။ သူတို့ နှစ်ဦးကြား တစ်ခုခုတော့ ဖြစ်ခဲ့ပါတယ်။ ကြည့်ရတာ ဆောက်ဂိတ်က ဘမ်ဝှိုက်ကို သဘောမကျဘူး ထင်တယ် ” ဆိုပြီး ဒူရမ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘမ်ဝှိုက်က ပုဂ္ဂိုလ်ရေး အကြောင်းကိစ္စတွေကြောင့် ကမ္ဘာ့ဖလား လူစာရင်းကနေ နှုတ်ထွက်ခဲ့တာလို့ ထုတ်ဖော် ထားခဲ့ပေမယ့် သူဟာ အခုချိန်ထိ အင်္ဂလန်လူစာရင်းမှာ ပြန်ပါခွင့်မရသေးဘဲ မက်ဂွဲရားက လူစာရင်းထဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။