မန်စီးတီးအသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ လူတန်တောင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အီတီဟက်မှာပဲ ဧည့်ခံ ကစားရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ စီးတီး – လူတန်ပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ အခုလို သုံးသပ်ထားပါတယ်။
” မန်စီးတီးက ဒီပွဲကို အနိုင်ယူပြီး ဇယားထိပ် တက်သွားနိုင်ပါတယ်၊ တက်လည်း တက်မယ် လို့ ကျွန်တော် ထင်တယ်။ ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်တုန်းက ဆိုရင် စီးတီးက title race ကနေ ထွက်ရပြီ ထင်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့က အလွယ်ကူဆုံး ပွဲစဉ်တွေနဲ့ အတူ ပြန်လာပါပြီ။
ကြားရက်မှာ သူတို့ မက်ဒရစ်နဲ့ ပွဲကြီး ပွဲကောင်း ရှိတယ်။ တချိန်တည်းမှာပဲ ဒီတပတ် ပရီးမီးယားလိဂ်ပွဲကို ဂိုး ပိုသွင်းနိုင်ရင် ဂိုးကွာခြားချက်မှာ စီးတီးတို့ ပိုကောင်းသွားမှာပါ။
ကျွန်တော်ကတော့ ၃-ဝ လောက်နဲ့ နိုင်မယ် ထင်ထားတယ်။ သူတို့ သိပ် ရူးရူးမိုက်မိုက်တော့ လုပ်မယ် မထင်ဘူး။ သူတို့ ချန်ပီယံလိဂ် ပထမ အကျော့မှာ အဖြေ မပေါ်ခဲ့တော့ ဒုတိယ အကျော့ အတွက် စိတ်ထဲကလည်း ရှိနေဦးမယ်။ ဒီတော့ လူစာရင်း အပြောင်းအလဲ လုပ်တာတွေလည်း ရှိနိုင်ပါတယ်။
အာလင်းဟာလန်းက ဂျူလီယန် အဲဗာရက်စ်ကြောင့် အရန်ခုံ ရောက်မလား ဆိုတာ ကျွန်တော်တော့ သံသယ ရှိပါတယ်။ သူ့ မှတ်တမ်းတွေက မယုံနိုင်စရာ ဂိုးမုဆိုး တစ်ယောက် ဆိုတာ သက်သေပြပြီးသားပါ။ အဲဗာရက်စ်ကလည်း ကစားသမားကောင်းပါ။ သူက အထောင်မှာ တက် ကစားမှ မဟုတ်ဘူး၊ ဒါကြောင့် ပွဲ ကစားခွင့်တွေက အများကြီး ရဦးမှာပါ။
ဟာလန်း က ဂိုးမသွင်းတဲ့ အချိန်မှာတောင် ခံစစ်မှုးတွေကြား ပြေးလွှားပြီး အလုပ်ရှုပ်စေတယ်၊ တခြား အသင်းဖော်တွေ အတွက် နေရာလွတ် ဖန်တီးပေးနိုင်တယ်။ ဒါကြောင့် သူက အသင်းအတွက် အဖိုးတန်တဲ့ အသင်းသား တစ်ဦး ဖြစ်နေဆဲပါပဲ။
မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်း အစားဆုံးလို့တော့ ကျွန်တော် မပြောရဲသေးပါဘူး။ ၇ ပွဲ ကစားဖို့ ကျန်သေးချိန်မှာ သူတို့ လက်ထဲမှာလည်း ပိုင်နိုင်တဲ့ အနေအထား မရှိသေးဘူးလေ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၃-ဝ လူတန်တောင်း ဖြစ်ပါတယ်။