မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ အသင်းရဲ့ လက်ရှိ တိုက်စစ်ဟာ လုံလောက် ထက်မြက်ခြင်း မရှိဘူးလို့ ယူဆထားပြီး လာမယ့် နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူလိုကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
ဒီရာသီမှာ သူ့အသင်းဟာ တိုက်စစ်အတွက် လုံလောက်တဲ့ ရွေးချယ်စရာ မရှိဘူးလို့ ယူနိုက်တက် နည်းပြ တန်ဟက်က ဆိုပါတယ်။
တန်ဟက် က ” တိုက်စစ်သမားသစ် ခေါ်ယူတာက ကျနော်တို့အတွက် အကူအညီဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ရွေးချယ်စရာတွေ ပိုရလာဖို့ လိုပါတယ်။ နေရာတိုင်းမှာ ရွေးချယ်စရာ ၂ ဦးစီ ရှိနေရမှာပါ။
ဒီရာသီ အချို့နေရာတွေအတွက် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ တိုက်စစ်နဲ့ ဘယ်ခြမ်းခံစစ်လို နေရာတွေပေါ့။ ဒါက ရလဒ်တွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ် ” လို့ တန်ဟက်က ဆိုခဲ့တာ ဖြစ်ပါတယ်။
တကယ်လည်း ယူနိုက်တက်ဟာ အသင်းကြီး ကြီး ၆ ကြီးထဲမှာ တိုက်စစ် အညံ့ဆုံးအသင်းအဖြစ် ၄၇ ဂိုးပဲ သွင်းထားနိုင်ပါတယ်။
လက်ရှိမှာလည်း အဆင့် ၆ က နယူးကာဆယ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေရတဲ့ ယူနိုက်တက်တို့က ရမှတ် ၅ဝ ချင်း တူသော်လည်း ကာဆယ်က ဂိုးကွာခြားချက် +၁၇ ရှိနေချိန် ယူနိုက်တက်က -၁ ဖြစ်နေပါတယ်။
ယူနိုက်တက် ဟာ တိုက်စစ်အတွက် အန်တိုနီ၊ ဟွိုင်လန်းတို့ကို ခေါ်ယူထားပေမယ့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရဆဲပါ။ ဘုန်းမောက်နဲ့ ပွဲ မတိုင်ခင်က ဆိုရင် တန်းဆင်းဇုန်က လူတန်အသင်းကတောင် ယူနိုက်တက်ထက် သွင်းဂိုး များနေခဲ့သေးတာပါ။
စနေည ပွဲတွေ အပြီးမှာတော့ ယူနိုက်တက် သွင်းဂိုး ၄၇ ဂိုး ရလိုက်ပြီး လူတန်က ၄၆ ဂိုး ဖြစ်သွားခဲ့ပါတယ်။