ရှုံးပွဲကြောင့် ဝေဖန်လာသူတွေကို ခပ်မာမာ ခပ်ပြတ်ပြတ် တုန့်ပြန်လာတဲ့ အာဆင်နယ် နည်းပြ အာတီတာ

မနေ့ညက အာဆင်နယ် အသင်း အက်စတွန်ဗီလာကို ၂-၀ နဲ့ အရေးနိမ့်ရာမှာ နည်းပြ အာတီတာရဲ့ ပွဲထွက်လူစာရင်း ရွေးချယ်မှုက အတော်လေးကို ဝေဖန်ခံနေရပါတယ်။

ပွဲထွက်မှာတင် ဂျေးဆု၊ ထရော့ဇတ်တို့ကို ထည့်သွင်းခဲ့သလို ဟာဗက်ဇ်ကို နေရာ ပြန်ပြောင်းပြီး ကစားစေခဲ့တာက အရှိန်ကောင်းနေတဲ့ အာဆင်နယ် ကစားပုံကို ပြန်ဆွဲချခဲ့တာလို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ပွဲပြီးပြီးချင်း မှတ်ချက်ပေးခဲ့ပါတယ်။

အဓိက တိုက်စစ်သမား မာတင်နယ်လီကို ကျော်ပြီး ထရော့ဇတ်ကို နေရာပေးခြင်းအတွက် အာတီတာကို သဘောမကျသူတွေလည်း ရှိနေပါတယ်။

ပွဲအပြီးမှာလည်း သတင်းထောက် တစ်ဦးက ” ဘာလို့ ပွဲထွက် လူစာရင်းမှာ မာတင်နယ်လီကို ကျော်ပြီး ထရော့ဇတ်ကို ပွဲထုတ်ရတာလဲ?

မာတင်နယ်လီက ပွဲချိန် မိနစ် ၉၀ ကစားဖို့အတွက် ကြံ့ခိုင်မှု လုံလောက်အောင် မကောင်းလို့လား?” လို့ တိုက်ရိုက် မေးခွန်းထုတ်ခဲ့တယ်။

အာဆင်နယ် နည်းပြ အာတီတာက သဘောမကျတဲ့ မျက်နှာထားနဲ့အတူ ပုခုံးတွန့်ရင်း ” ဘာလို့ ဒီလိုဆုံးဖြတ်တာလဲဆိုရင် ငါက မန်နေဂျာလေ၊ လူစာရင်းကို ဆုံးဖြတ်ပေးရမယ့်သူ ဖြစ်နေလို့ပေါ့ ” လို့ ခပ်မာမာ တုန့်ပြန်သွားခဲ့ပါတယ်။

လက်ကျန်ပွဲစဉ် ၆ ပွဲပဲ ကျန်ရှိချိန်မှာ ရမှတ်တူ လီဗာပူးက ရှုံးပွဲရင်ဆိုင်ခဲ့ရခြင်းကို အခွင့်အရေး မယူနိုင်ခဲ့တဲ့ အာဆင်နယ်ဟာလည်း ရှုံးပွဲရခဲ့တာကြောင့် မန်စီးတီးက ဖလားရဖို့ ထိပ်ဆုံးက ရေပန်းစားလာခဲ့ပြီ ဖြစ်ပါတယ်။