ချယ်ဆီး ကြုံနေတဲ့ ကိစ္စတွေက ဆင်ခြေ ပေးနေတာ မဟုတ်ဘူး၊ တကယ့် အဖြစ်အပျက် ဆိုတဲ့ ပိုချက်တီနိုရဲ့ ပေါက်ကွဲခန်း

ချယ်ဆီးအသင်းဟာ ဒီရာသီ မယုံနိုင်စရာ ကောင်းလောက်အောင် ကစားသမားတွေ တောက်လျောက် ဒဏ်ရာ ရတာကို ကြုံတွေ့ နေရပါတယ်။

လက်ရှိမှာလည်း ရိစ် ဂျိမ်းစ်၊ ဖိုဖာနာ၊ အန်ကွန်းကူနဲ့ ဘန်ချေးဝဲလ် တို့ရဲ့ ဒဏ်ရာတွေက ထင်ထားတာတထက် ပိုကြာနေပြီး ပွဲထွက်မှာ ပြန် မပါဝင်နိုင်သေးပါဘူး။

ချယ်ဆီး နည်းပြ ပိုချက်တီနို ကတော့ အသင်းမှာ ဒဏ်ရာ ရ ကစားသမားတွေ ဒီလောက်များနေတာက သူ ဆင်ခြေ ပေးနေတာ မဟုတ်ဘဲ တကယ့် အံ့အားသင့်စရာ အဖြစ်အပျက်၊ အချက်အလက်တွေ လို့ စိတ်ပျက်လက်ပျက် ပြောဆိုလာပါတယ်။

” ကလပ်အသင်းနဲ့ ဒီကိစ္စ ပြောဆိုပြီး စိစစ် သုံးသပ်သွားမှာပါ။ နောက်ရာသီ အတွက် ဘယ်လို လုပ်မလဲ ဗျူဟာချ ပလန်ရတော့မယ်။

ကြည့်ရတာ ကစားသမား တစ်ယောက်ချင်းစီရဲ့ ခန္ဒာကိုယ်ကို ပြန် သေချာ စစ်ဆေး၊ သုံးသပ်ရတော့မှာပါ။ ဘာကြောင့် ကစားသမားတွေ ဒဏ်ရာ ရလဲ၊ နောက်ထပ် ဘယ်လို ဒဏ်ရာတွေ ဖြစ်နိုင်ချေ ရှိလဲ၊ ကလပ်မှာ ကစားနေတုန်း ဒဏ်ရာ ရ ရာဇဝင်တွေက အစပေါ့။

အားလုံးမှာ ကိုယ့် အခြေအနေ၊ အကြောင်းကြောင်းတွေ ရှိပါတယ်။ ကျွန်တော်လည်း ဒါတွေကို ထပ်တလဲလဲ ပြော မနေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆင်ခြေပေးသလိုချည်းပဲ ဖြစ်နေမှာ။

ဒါပေမယ့် တကယ်တော့ ဒါက ဆင်ခြေ မဟုတ်ဘူး။ တကယ့် အဖြစ်အပျက်၊ တကယ့် အချက်အလက်ပဲ။ ဒါက process တစ်ခုရဲ့ အစိတ်အပိုင်း ဆိုရင်လည်း ဟုတ်တယ်။ ဒီတော့ ဒီရာသီမှာ ကြုံတွေ့ခဲ့ရတာတွေက ကျွန်တော်တို့ အတွက် အထောက်အကူ ဖြစ်မှာပါ။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။