ချယ်ဆီး ၆ ဂိုးထိ သွင်းကာ ဂိုးပြတ်နိုငတာတောင် မပျော်နိုင်ဘဲ ပိုချက်ကို စိတ်အနှောင့်အယှက်ကြီး ဖြစ်သွားစေတဲ့ ကိစ္စ

ချယ်ဆီးအသင်းဟာ မနေ့ညက အဲဗာတန်ကို ၆-၀ ထိ ဂိုးဒါဇင်ဝက်သွင်းကာ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာ ကစားသမားတွေ ပင်နယ်တီ ဝိုင်းလုကန်ခဲ့ကြတဲ့ အပေါ် နည်းပြ ပိုချက်တီနိုက ဒေါသထွက်နေပါတယ်။

ချယ်ဆီးက ၄-၀ ဖြစ်ထားချိန် ပါလ်မာက ဟက်ထရစ်လည်း ရထားပါပြီ။ အဲ့အချိန် ပင်နယ်တီကန်ဖို့ ဖြစ်လာခဲ့ရာမှာ ပါလ်မာထံကနေ ချယ်ဆီး အသင်းဖော် ဂျက်ဆန်နဲ့ မာဒူခီတို့က ဝိုင်းလုကန်ဖို့ ဘောလုံးတောင်းမှုဖြစ်ပွားခဲ့တာပါ။

ဂါလယ်ဂါက ကြားထဲကနေ ဘောလုံးကို လုယူကာ ပါလ်မာကို ပေးခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ကလည်း သူ ပင်နယ်တီ ကန်ခွင့်ရဖို့ ဂျက်ဆန်ကို အဝေးထံ တွန်းထုတ်မှုမျိုးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် ပိုချက်တီနိုက ‘ ဒါက ရှက်စရာပဲ၊ တကယ်ကို ရှက်စရာပါပဲ။ ဒီလိုမျိုးတွေ ဖြစ်လာလို့ မရတာမို့ ရှက်စရာ ကောင်းတယ် ထင်မိတာပါ။

နောက်ဆုံးအကြိမ် အခုလိုဖြစ်ခဲ့တုန်းက ကျနော်တို့ အသင်းအနေနဲ့ ကိစ္စတွေကို အောင်မြင်ချင်တာမို့ စုဖွဲ့လုပ်ဆောင်နိုင်ရမယ်လို့ သေချာ မှာကြားထားခဲ့တယ်။ သူတို့ကို ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။

ကျနော်တို့ရဲ့ ပင်နယ်တီကို ပါလ်မာကပဲ တာဝန်ယူရမှာပါ။ သူက တစ်ယောက်ယောက်ကို ပေးကန်ချင်ရင်တော့ ပေးခွင့်ရှိပါတယ်။ ဒါပေမယ့် အခုလို ဝိုင်းလုနေတာမျိုးတော့ မဖြစ်ရပါဘူး။ ဒါက စိတ်မကောင်းစရာ အခြေအနေပါ။ ဒါမျိုးကို နောက်တစ်ကြိမ် အဖြစ် မခံလိုပါဘူး။

ငယ်ရွယ်တဲ့ အသင်းတစ်သင်း သင်ယူဖို့လိုတာမျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါက နောက်ဆုံးအကြိမ်ဖြစ်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ကျန် ၁ ပွဲကစားရဖို့ ကျန်ရှိနေပြီး အနိုင်ရမယ်ဆိုရင် ဂိုးကွာခြားချက် အသာဖြင့် နယူးကာဆယ်ရဲ့ အဆင့် ၆ နေရာကို စိန်ခေါ်သွားနိုင်မှာ ဖြစ်ပါတယ်။