ပြီးခဲ့တဲ့ ရက်က အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းမှာ ခြေလှမ်းမှားခဲ့တာက အာဆင်နယ် အသင်းကို အတော်လေး စိတ်ထိခိုက်စေခဲ့ပါတယ်။
The Athletic သတင်းဌာန ရဲ့ အဆိုအရ အဆိုပါပွဲမှာ ပြသခဲ့တဲ့ ဇင်ချန်ကိုရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်ခဲ့သလို နည်းပြအာတီတာကလည်း ဘယ်ခြမ်းအပေါ် စိုးရိမ်မှုရှိတယ်လို့ သိရပါတယ်။
အာတီတာ ဟာ ဇင်ချန်ကို ကို စီးတီးကနေ ခေါ်ယူစဉ်က အတော်ကြီး မျှော်လင့်ချက် ထားခဲ့သေးတာပါ။ ဒါပေမယ့် ယူကရိန်းသားက တည်ငြိမ်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ဘဲ ရုန်းကန်နေရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီတစ်ခုလုံးမှာ ပြသခဲ့တဲ့ ဇင်ချန်ကိုရဲ့ ခြေစွမ်းကို သဘော မကျတာကြောင့် စာချုပ်သစ်ပေးရေး စတင် စကားပြောနေခြင်းလည်း မရှိပါဘူး။
ဒါကြောင့်ပဲ တိုမီယာဆု၊ ကီဝီအာ၊ တင်ဘာတို့ကိုလည်း ဘယ်ခြမ်းအတွက် မျှော်လင့်နိုင်ပေမယ့် အာဆင်နယ်ကတော့ ဘယ်အစွန်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
ဒီကရှေ့ အာဆင်နယ်မှာ ဇင်ချန်ကို ပုံမှန် နေရာရဖို့ မသေချာတော့ဘဲ အနာဂတ် ကိစ္စကိုတော့ ရာသီကုန်မှာ ဆုံးဖြတ်သွားကြဖွယ် ရှိပါတယ်။ ယူကရိန်း ခံစစ်သမား နည်းတူ ဂျော်ဂျင်ဟိုကလည်း အာဆင်နယ်နဲ့ အနာဂတ်ကို နွေမှာ စဉ်းစားသွားဖွယ် ရှိပါတယ်။
အာဆင်နယ်ရဲ့ နွေပစ်မှတ်တွေထဲမှာ တိုက်စစ်သမားနဲ့ ကွင်းလယ်လူ ဖြည့်တင်းရေးတွေလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။