ဘာစီလိုနာ တစ်ရာသီလုံး ကြိုးစားခဲ့သမျှကို ဒီပွဲ ဒိုင်လူကြီးက ဖျက်ဆီးပစ်တာလို့ လက်ညှိုးထိုးလိုက်တဲ့ နည်းပြဇာဗီ

မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာတော့ ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီကို ၄-၁ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ ထိုပွဲမှာ အာရိုဂျိုကို အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ရိုမေးနီးယား ဒိုင်လူကြီး Istvan Kovacs အား တည့်ပဲ ထုတ်ဖော် ဝေဖန်ခဲ့ပါတယ်။

အရိုဂျို မထွက်ခွာခင် ဘာစီလိုနာတို့ ဦးဆောင်ထားကာ နှစ်ကျော့ပေါင်း ၄-၂ ရလဒ်မျိုး ထွက်နေခဲ့ပေမယ့် တစ်ယောက်လျော့ကစားခဲ့ရအပြီး ဘာစီလိုနာဟာ ဒုတိယအကျော့ တစ်ပွဲတည်း ၄ ဂိုး သွင်းခံလိုက်ရကာ ကွာတားကနေ ထွက်ခွာခဲ့ရပါတယ်။

ပွဲအပြီးမှာ နည်းပြ ဇာဗီက “ ဒိုင်လူကြီးကို သူ အရမ်း ညံ့ဖျင်းတယ်လို့ ကျနော် ပြောခဲ့တယ်။ သူက ကပ်ဘေးကြီး တစ်ခုလိုပါပဲ။ ကျနော်တို့ ဘယ်လောက်ပဲ ပြောပြောဗျာ အနီကတ်က ပွဲကို ဖျက်ဆီးခဲ့ပါပြီ။

ဒိုင်လူကြီးတွေအကြောင်း မပြောချင်ပေမယ့် ကျနော်တို့ ပြောရမယ်။ ကျနော်တို့ ပါးစပ်ပိတ်နေလို့ မရပါဘူး။ ချန်ပီယံလိဂ်လို အဆင့်မှာ ၁၀ ယောက်တည်းနဲ့ ကစားရဖို့ဆိုတာ မဖြစ်နိုင်အောင်ပါပဲ။

အသင်းသား တစ်ယောက် ထုတ်မခံရခင်မှာ သိပ်လှပတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ အနီကတ်ကပဲ ဘောလုံးပွဲကို ဖျက်ဆီးခဲ့ပါတယ်။ ပြခဲ့တဲ့ အနီကတ်က သိပ်ပြင်းထန်တယ်။ ဒါက ရှက်စရာပါပဲ။

ဒီရာသီ ကျနော်တို့ ကြိုးစားခဲ့သမျှကို ဒိုင်လူကြီးက ဖျက်ဆီးသွားခဲ့တယ်။ ကျနော်က မျှမျှတတ ၁၁ vs ၁၁ ကစားလိုတာပါ ” လို့ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။