ဒီနေ့ ဗုဒ္ဓဟူးနေ့ ည မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ် တို့ ဂျာမန်မြေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဒီပွဲစဉ်မှာ ဘယ်လိုရလဒ် ထွက်ပေါ်မလဲ ဂန်းနား ဂန္တဝင် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ကြိုတင် ခန့်မှန်းလာပါတယ်။
နှစ်သင်းလုံးဟာ ဒီအပတ်ထဲမှာပဲ သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေမှာ အထိနာမှုတွေ ဖြစ်ထားကြတာပါ။ ဘိုင်ယန်မြူးနစ်ကတော့ အမှတ်ပေးဖလားကို လက်လွှတ်ရတာ သေချာသွားခဲ့တာမို့ ချန်ပီယံလိဂ်ကို အားစိုက်လာနိုင်ပါတယ်။
အာဆင်နယ်ကလည်း ပရီးမီးယားလိဂ်မှာ ချန်ပီယံလမ်းကြောင်းကနေ ခြေချော်ထားပြီး ဒီ အထိနာခဲ့မှုကို ဒီပွဲမှာ တုန့်ပြန်ပြမှာမို့ ပထမအကျော့ ၂-၂ ဆိုတဲ့ မပြတ်သားတဲ့ ရလဒ်ဟာ ဒီတစ်ကြိမ်မှာ အဖြေထွက်ပါလိမ့်မယ်။
အာဆင်ဝင်းဂါးက ‘ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ ပွဲကတော့ ၅၀-၅၀ ပါပဲ။ ဘွန်ဒက်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာလည်း အမှားတွေ လုပ်နေပါတယ်။ အရမ်း အရေးကြီးနေချိန်မှာ ဒေါ့မွန်ကို အိမ်ကွင်းမှာပဲ ရှုံးခဲ့တာမို့ သူတို့ ၁၀၀% ယုံကြည်မှု ရှိနေမှာ မဟုတ်ပါဘူး။
ကျနော်ကတော့ အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် ရောက်သွားမယ်လို့ ထင်မိပါတယ်။ ’ လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။
ဒီခန့်မှန်းဟာ ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်တာလား နှလုံးသားနဲ့လား ဆိုတဲ့ မေးခွန်းအတွက်တော့ အာဆင်ဝင်းဂါးက ‘ နှစ်ခုလုံးပေါ့ဗျာ။ နှစ်ခုလုံးနဲ့ စဉ်းစားပြီး ပြောတာပါ ’ လို့ တုန့်ပြန်သွားပါတယ်။