ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ဖြုတ်ချပြီး နောက်တစ်ဆင့် တက်နိုင်လို့ အပျော်တွေ ပိုချိုနေတဲ့ ဟယ်ရီ ကိန်း ပြောစကား

အာဆင်နယ်အသင်းကတော့ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့မှာ ဘိုင်ယန်မြူးနစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါပြီ။

ဘိုင်ယန်မြူးနစ်ကတော့ ဂျာမန်မြေမှာ အနိုင်ယူမယ် ကြိမ်းဝါးခဲ့တဲ့ အာဆင်နယ်ကို ရှင်းထုတ်ပြီးတဲ့နောက် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပထမအကျော့မှာ ၂-၂ သရေကျခဲ့ပေမယ့် ဒီတကြိမ် ဒုတိယ အကျော့ ပွဲမှာ ကင်မစ်ရဲ့ သွင်းဂိုးနဲ့ ဘိုင်ယန်မြူးနစ်တို့ အနိုင်ရပြီး ဆီမီးဖိုင်နယ် ရောက်သွားခဲ့တာပါ။ ဘိုင်ယန်ဟာ ဘွန်ဒက်လီဂါကို ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ရည်မှန်းနေပါတယ်။

ဘိုင်ယန် တိုက်စစ်မှုး ဟယ်ရီ ကိန်း အတွက်တော့ တချိန်က သူ့အသင်းဟောင်း စပါးရဲ့ လန်ဒန် ဒါဘီပြိုင်ဘက် အာဆင်နယ်ကို ရှင်းထုတ်နိုင်တာအတွက် ကျေနပ် ဝမ်းမြောက်နေပါတယ်။

ဟယ်ရီကိန်းက ‘ သိပ်ကောင်းတဲ့ အနိုင်ပါပဲ။ ကျနော်တို့အတွက် ခက်ခဲတဲ့ရာသီဖြစ်ပေမယ့် ကြိုးစား တိုက်ခိုက်နေပါတယ်။ ကိုယ့်ရဲ့ အိမ်ကွင်းမှာဆို ခြားနားတာတွေ လုပ်ပြနိုင်မယ် ကျနော်တို့ သိပြီးသားပါ။

ခက်ခဲတဲ့ပွဲပါ။ ကင်မစ်ရဲ့ဂိုးကလည်း သိပ်ကောင်းပါတယ်။ ကျနော်တို့ ပျော်ရွှင်ပါတယ်။ ဆီမီးဖိုင်နယ်ကို ရောက်တာက အောင်မြင်မှုဖြစ်ပါတယ်။ ဒီလိုပွဲမျိုး ပထမပိုင်းတွေက နည်းနည်းတော့ ရုန်းကန်ရပါတယ်။

ဒုတိယပိုင်းမှာ အရှိန်တင်မယ်လို့ ကျနော်တို့ ပြောခဲ့တယ်၊ ပိုပြီး တိုက်ခိုက်ကစားမယ်ပေါ့။ တိုင်တွေဘာတွေလည်း ထိပါတယ်၊ ပိုလွယ်ရမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်ပွဲဆိုတာ ခက်ခဲတယ်လေ။ အာဆင်နယ်ကို ကျော်ဖြတ်ဖို့ပဲ ကြိုးစားခဲ့တာပါ။

ကျနော်တို့ကတော့ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ပါပဲ။ ဘွန်ဒက်လီဂါကို ၁၁ နှစ်ဆက်တိုက် နိုင်ထားတော့ အသင်းက အားစိုက်ဖို့ နည်းနည်းလေး အာရုံလျော့နေပါတယ်။ အဲ့လိုဖြစ်လို့ မရပါဘူး။ အခုတော့ ချန်ပီယံလိဂ်မှာ ကျနော်တို့ ပျော်နိုင်ပါပြီ ’ လို့ ပြောခဲ့တာဖြစ်ပါတယ်။

နောက်တဆင့် ဖြစ်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။