အာဆင်နယ်နဲ့ ပတ်သတ်ပြီး အာတီတာ ကြားချင်မှာ မဟုတ်တဲ့ စကားတစ်ခွန်း ပြောလိုက်တဲ့ တူချယ်

အာတီတာနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ဒီရာသီ ဥရောပ ခရီးစဉ်ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ဒုတိယ အကျော့မှာ ဘိုင်ယန်မြူးနစ်က ကင်မစ်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူကာ ဆီမီးတက်သွားတာပါ။

အဲဒီပွဲ အပြီးမှာ အာဆင်နယ်က ထိပ်တန်းအသင်း တစ်သင်း ဖြစ်ဖို့ ဘယ်လောက် နီးစပ်နေပြီလဲ အမေးကို ဘိုင်ယန် နည်းပြ တူချယ်က သူ့စကားကို အာတီတာ ကြားချင်မှာ မဟုတ်ဘူးလို့ အခုလို တုန့်ပြန်ခဲ့တာပါ။

” ကျွန်တော့် အတွက်တော့ သူတို့က ဖြစ်နေပြီးသားပဲ။ မီခေးလ် အာတီတာ က ဒါကို ကြားချင်လောက်မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်တော့ သူတို့က ထိပ်တန်းအသင်း တစ်သင်း ဖြစ်နေပြီးသားပါ။

ပြီးခဲ့တဲ့ နှစ်ရာသီက အာဆင်နယ်အသင်း ပွဲတွေကို ကြည့်မယ် ဆိုရင် သူတို့ တိုက်စစ်ရဲ့ တည်ငြိမ်မှု၊ သွင်းဂိုးတွေ၊ ဂိုး မပေးရတာတွေ။ ပွဲတိုင်းက စောင့်ကြည့်ချင်စရ ကောင်းပြီး ပွဲတိုင်းက သတိပြုမိစရာ အချက်တွေ ရှိနေတယ်။ သူတို့က ရွေ့လျားလွယ်ပြီး အထင်ကြီးလောက်စရာပါ။ တချိန်တည်းမှာလည်း ရမှတ်တွေကိုလည်း စုဆောင်းနေတယ်။

ဒီတော့ ကျွန်တော့် အတွက် ဆိုရင် သူတို့က elite team တစ်ခုပါပဲ။ တခြား ညွှန်းစရာ မရှိဘူး။ ” လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာ ဇယားထိပ်က မန်စီးတီးကို ၂ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။