အာဆင်နယ် အသင်းရဲ့ ဘိုင်ယန်မြူးနစ်ကို ရှုံးအပြီး ချန်ပီယံလိဂ်က ထွက်ခွာရခြင်းဟာ ဂန်းနား ပရိသတ်တွေတော့ ကြီးမားတဲ့ ကြေကွဲစရာ တစ်ခု ဖြစ်ခဲ့ရပါတယ်။
အခုလို အဓိကပြိုင်ပွဲကြီး တစ်ခု ကနေ ထွက်ရပေမယ့် အာဆင်နယ်က လဲပြိုသွားမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ကို အာရုံစိုက်သွားမယ်လို့ နည်းပြ အာတီတာ က ပြောပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးနောက် ၂ မှတ်အကွာမှာ ရှိနေတာမို့ ပရီးမီးယားလိဂ်မှာ ဖလားရနိုင်ခြေ ရှိနေဆဲပါ။
“ အခုချိန်မှာ လိုအပ်တာက ပရိသတ်တွေက ပေးမယ့် အားပေးမှုနဲ့ ချစ်ခြင်းပါပဲ။ စနေနေ့မှာ သိပ်ကြီးကျယ်တဲ့ ပွဲတစ်ပွဲရှိပါတယ်။
ကျနော်တို့ ပရီးမီးယားလိဂ်မှာ ကစားနေဆဲပါ။ ပရီးမီးယားလိဂ်ဖလားကို ကျနော်အသင်း ရနိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်သလို ဒီဖလားကို အောင်မြင်လိုပါတယ်။ အပြောင်းအလဲတွေကို လုပ်ပြနိုင်ကြောင်း ကျနော်တို့ ပြသချင်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။
ဒီအပတ်မှာ အာဆင်နယ်ဟာ ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ မန်စီးတီးက ပရီးမီးယားလိဂ်ပွဲ မရှိတာမို့ ဇယားထိပ်ကို လွဲယူနိုင်ချေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ကာရာဘောင်း၊ အက်ဖ်အေ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ကနေ ထွက်ခဲ့ရပြီး ဖြစ်လို့ ပရီးမီးယားလိဂ် က သာ ဒီရာသီ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်ရှိပါတယ်။