မန်စီးတီးရဲ့ ဥရောပ အမျက်ကို FA ဆီမီးမှာ ဖြေမယ့် ပွဲ၊ အဝတ်လဲခန်း ဂယက်တွေနဲ့ ချယ်ဆီး ဘယ်လို ရင်ဆိုင်မလဲ.. ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ အပြင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတွေလည်း ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။

မန်စီးတီး အသင်းကတော့ ချယ်ဆီးနဲ့ အက်ဖ်အေ ဆီမီးပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ပွဲကတော့ ဒီ စနေနေ့ည ၁ဝး၄၅ နာရီ အချိန်မှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်စီးတီး နဲ့ ချယ်ဆီးတို့ အက်ဖ်အေ ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာ မထိုက်တန်ပါဘူး။ သူတို့ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ် ကစားရာမှာ နည်းနည်းလေး ကံမကောင်းလို့သာ အဲဒီပွဲကနေ အရေးနိမ့်သွားခဲ့ရတာပါ။ အရှုံးကနေ မြန်မြန် ပြန် ရုန်းထဖို့က အရေးကြီးပါတယ်။ အဲဒါကို ဒီပွဲမှာ သူတို့ ပြန်စမှာပါ။

စီးတီးရဲ့ အဓိက အာရုံစိုက်စရာက အင်္ဂလိပ် အမှတ်ပေးလိဂ် သမိုင်း ၁၃၆ နှစ်တာမှာ မရှိဖူးသေးတဲ့ ၄ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ဖို့ပါပဲ။ ဒါကလည်း သိပ်ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်မှာပါ။ ဥရောပ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ အတွက်လည်း ဖြေသာနိုင်မှာ ဖြစ်ပါတယ်။

ပက်က ဆုဖလားတွေ ယူဖို့ လောဘကြီးသူ ဖြစ်တယ်။ ဒီတော့ သူက အက်ဖ်အေဖလား ကိုလည်း ကိုင်မြှောက်ချင်မှာပါ။

ချယ်ဆီးက ဒီရာသီ စီးတီးနဲ့ နှစ်ကြိမ် မဲကျပြီးပြီ။ ပါလ်မာနဲ့ အတူ သူတို့ အသင်းကလည်း အန္တရာယ် ပေးနိုင်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အဲဗာတန်နဲ့ ပွဲမှာ ပင်နယ်တီ လုကန်ကြတဲ့ ကိစ္စကြောင့် ရိုက်ခတ်မှုတွေတော့ ရှိလိမ့်မယ်။ ကျွန်တောကတော့ ပါလ်မာ ပင်နယ်တီ နည်းနည်း လွဲချော်တာ ရှိရင်လည်း စိတ်ကွက်မိမှာ မဟုတ်ဘူး။ အဲဒီကျရင် တခြားသူ အလှည့် ကျလာမှာပေါ့။

လောလောဆယ် ချယ်ဆီး အဝတ်လဲခန်းကတော့ အိုးတို့ အမ်းတန်း ဖြစ်နေမှာပါ။ ကစားသမားတွေရဲ့ အတ္တတွေကလည်း ထိခတ်မှုတွေ ရှိနေတယ်။ ချယ်ဆီး မန်နေဂျာ ပိုချက်တီနိုသာ ဒီကိစ္စကို ပြေလည်အောင် မလုပ်နိုင်ရင် ဘယ်သူကရော လုပ်နိုင်မလဲ။

ကွင်းထဲမှာတော့ ချယ်ဆီးက ဘောလုံးရာသီ ဒုတိယပိုင်းမှာ တည်ငြိမ်မှုတွေ ပြသလာတယ်။ လိဂ်မှာ ၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ ဒါကြောင့် အဆင့် ၆ နေရာထိပါ သူတို့ ချိန်ရွယ်နိုင်လာပါပြီ။

ပိုချက်တီနိုကတော့ အသင်းရဲ့ တိုးတက်မှုကို ပြသဖို့ ဆုဖလား တစ်လုံး ရယူချင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်တစ်ဆင့် တက်သွားမှာက စီးတီးပဲ ဖြစ်မယ် လို့ ကျွန်တော် ထင်တယ်။

လက်ရှိ ချန်ပီယံတွေက တချက် အမောဖြေပြီးရင် ဆက်တိုက် တိုက်ပွဲဝင်သွားမှာပါ။ ဒီပွဲကို သူတို့ သက်တောင့် သက်သာကို အနိုင်ရသွားပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-ဝ ချယ်ဆီး ဖြစ်ပါတယ်။