မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲ မဟုတ်ဘဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ချန်ပီယံရှစ်ကလပ် ကွန်ဗန်ထရီ အသင်းနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၉နာရီ အချိန်၊ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ကွန်ဗန်ထရီနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
” ကွန်ဗန်ထရီ က ချန်ပီယံရှစ်မှာ အကောင်းဆုံး ပုံစံ ရနေတာ မဟုတ်ပါဘူး။ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲထိ ရှုံးထားပါတယ်။ ဒါပေမယ့် ကျွန်တော်က ရိုမန်တစ် ဆန်ချင်သလို အိပ်မက်ဆန်တဲ့ ပုံပြင်တွေကိုလည်း ယုံကြည် သက်ဝင်သူပါ။
မိုးပြာရောင်တွေ (ကွန်ဗန်ထရီ) ရဲ့ နည်းပြ မာ့ခ် ရိုဘင်စ် က ဒီပွဲကိုသာ နိုင်လိုက်ရင် သူ့ အသင်းဟောင်း (ယူနိုက်တက်) ကို အနိုင်ရတာလည်း ဖြစ်လာမှာပါ။
ကျွန်တော့်ရဲ့ နောဝစ်ချ် အသင်းဟောင်းလည်း ဖြစ်တဲ့ ရိုဘင်စ် က ၁၉၉၀ တုန်း က မန်ချက်စတာ ယူနိုက်တက် အတွက် အက်ဖ်အေဖလား တတိယ အဆင့်မှာ ရင်ဆိုင်ရတုန်းက အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ အဲဒီ နိုင်ပွဲဟာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ နည်းပြ ရာထူးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်တော့ သူက အဲရစ် တန်ဟက်ကို အသင်းကနေ ထွက်သွားဖို့ တွန်းပို့သွားပါလိမ့်မယ်။
ယူနိုက်တက်ဖန် တချို့က ကျွန်တော် သူတို့ ရှုံးမယ်လို့ ခန့်မှန်းတိုင်း သိပ် ဒေါသထွက်လေ့ ရှိတယ်။ ပြီးခဲ့တဲ့ အပတ် တုန်းက ဘုန်းမောက် သူတို့ကို နိုင်မယ် ပြောခဲ့တုန်းကလိုပေါ့။
ဒါပေမယ့် အဲဒီပွဲ ကျွန်တော် ပွဲရလဒ် မမှန်ခဲ့သည့်တိုင် ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က အတော် ညံ့ဖျင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တယ်။ ကျွန်တော် သူတို့ အကြောင်း သုံးသပ်ခဲ့တာတွေ မှန်ခဲ့တယ်။
ယူနိုက်တက်က ကွန်ဗန်ထရီ ကို သက်တောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ဒါပေမယ့် သူတို့က ဒီတစ်ရာသီလုံး ခြေစွမ်း မငြိမ်ဖြစ်နေတယ်။ အခုမှ ချက်ချင်းကြီး သူတို့ကို ယုံကြည်လောက်စရာလို့ ကျွန်တော် မတွေးနိုင်ဘူး။
ဒီတော့ ဒီပွဲမှာ ကျွန်တော် နည်းနည်းတော့ စိတ်ကူးယဉ် ဆန်ကြည့်မယ်ဗျာ။ ၁၉၈၇ ဖိုင်နယ်တုန်းက အမှတ်တရကောင်းတွေ ရှိခဲ့ဖူးတယ်။ Keith Houchen ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ကွန်ဗန်ထရီ က စပါးကို အနိုင်ယူပြီး အက်ဖ်အေ ဖလား ကိုင်မြှောက်ခဲ့ဖူးပါတယ်။ ဒီတပတ်ပွဲမှာလည်း သူတို့ နိုင်လိုက်တယ် ဆိုရင် ဘယ်လို နေ့ကောင်းရက်သာများ ဖြစ်သွားဦးမလဲ။ ” လို့ ဆက်တန်က သုံးသပ်သွားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ကွန်ဗန်ထရီ ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။