သူ့ကို ထုတ်မလို၊ မထုတ်မလို လုပ်နေတဲ့ ဆာဂျင်ရက်ကလစ်တို့အား ပြန် အကြပ်ကိုင်လိုက်တဲ့ ယူနိုက်တက် နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ သူ့ကို ထုတ်မလို၊ မထုတ်မလို လုပ်နေတဲ့ အသင်း ပိုင်ရှင် ဆာဂျင်ရက်ကလစ်နဲ့ INEOS အဖွဲ့ကို ပြန်ပြီး အကြပ်ကိုင်ပြီ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်က ရက်ကလစ်နဲ့ INEOS အဖွဲ့ဘက်က သူ တောင်းဆိုတဲ့ အာမခံချက် မရဘူးဆိုရင် မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ ဒီရသာီ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်က ထွက်ခဲ့ရသလို အဆင့် ၄ အသင်းနဲ့ ၁၃ မှတ် ပြတ်နေပေမယ့် ဆုဖလား မျှော်လင့်ချက် အဖြစ် အက်ဖ်အေဖလား တစ်လုံးတော့ ကျန်ရှိနေပါသေးတယ်။

ဒီနေ့ညမှာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ဝင်ဘာလေမှာ ချန်ပီယံရှစ်ကလပ် ကိုဗန်ထရီအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ထိုပွဲ အနိုင်ရရင် အက်ဖ်အေဖလား ဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ဗိုလ်လုရပါမယ်။

ဒီနှစ်စတုန်းက ယူနိုက်တက်ကို ဆာဂျင်ရက်ကလစ်တို့ ဝင်ရောက်လာချိန်မှာ ကလပ်ရဲ့ ဘောလုံးဆိုင်ရာအော်ပရေးရှင်းကို ကြီးကြီးမားမား ပြောင်းလဲမယ့်အကြောင်း ကတိပေးထားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း Omar Berrada ကို ကလပ်ရဲ့ အမှုဆောင်အဖြစ် ခန့်အပ်ခဲ့သလို အားကစားဒါရိုက်တာ ရာထူးအတွက် နယူးကာဆယ်ကနေ Dan Ashworth ကို ခေါ်ယူထားခဲ့ပါတယ်။ သောကြာနေ့တုန်းကပဲ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောက်သမ်တန်ကနေ Jason Wilcox ကို ခေါ်ယူထားပါတယ်။

ရက်ကလစ်နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေဟာ မကြာခင် တန်ဟက်နဲ့ တွေ့ဆုံကာ လာမယ့်ရာသီအတွက် စကားပြောမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

တန်ဟက်ကတော့ ပိုင်ရှင်တွေထံက အပြည့်အဝ ထောက်ပံ့ပေးမယ်ဆိုတဲ့ အာမခံချက် မရဘူးဆိုရင် ယူနိုက်တက်ကနေ ထွက်ခွာလိမ့်မယ်လို့ သိရပါတယ်။ တန်ဟက်ရဲ့ ယူနိုက်တက် စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေသေးကာ ၂၀၂၅ နွေမှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပါတယ်။