မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ကိုဗင်ထရီကို အနိုင်ယူပြီးနောက် ဗိုလ်လုပွဲအဖြစ် ဝင်ဘာလေမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာပါ။ နည်းပြတန်ဟက်ကတော့ မန်ချက်စတာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။
ဒီနှစ်သင်းဟာ မနှစ်ကလည်း အက်ဖ်အေ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ထိုစဉ်က စီးတီးက အနိုင်ယူ ဖလားရသွားခဲ့တာပါ။
ယူနိုက်တက် နည်းပြ တန်ဟက်က ” ဒီတကြိမ် ဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူပါမယ်။ ကျွန်တော်တို့ အက်ဖ်အေ ဖလားကို ရချင်တယ်၊ မန်စီးတီးလို အသင်းကောင်းနဲ့ ရင်ဆိုင်ရမယ် ဆိုပေမယ့် အနိုင်ရဖို့လည်း အခွင့်အရေးကောင်း ရှိတယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ညကပွဲမှာ ယူနိုက်တက်ဟာ ကိုဗန်ထရီကို ၃-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ခြေပဂိုးတွေ ပြန်ပေးခဲ့ရကာ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ရတာပါ။ ဒီနိုင်ပွဲကို ရှက်စရာ မလိုကြောင်းနဲ့ ဂုဏ်ယူကြဖို့လည်း တန်စက် ကတိုက်တွန်းခဲ့ပါတယ်။
” ကျနော်တို့အသင်းက မှန်ကန်တဲ့ စိတ်ဓါတ်ပိုင်း မရှိဘူးလို့ ပြောလို့ မရပါဘူး။ ဒီနေ့ပွဲမှာ သူတို့က ကောင်းမွန်တဲ့ အကျင့်စရိုက်ကို ပြသခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ စည်းစနစ်ကျမှုတွေ အားနည်းခဲ့ပါတယ်။
ခံစားချက်တွေ ရောထွေးနေပေမယ့် အားလုံး ဒီနိုင်ပွဲကို ပျော်လို့ရပါတယ်။ ဒါရှက်စရာ မဟုတ်ပါဘူး။ ကျနော်တို့ ဖိုင်နယ်ရောက်တာက ကိစ္စကြီးပါ။ အခုဆို ကျနော်တို့ ဖိုင်နယ်ကို ၂ နှစ်ဆက် တက်လာခဲ့ပါပြီ။
ကုန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာတောင် ယူနိုက်တက်က အက်ဖ်အေဖလား ဖိုင်နယ်ကို ၅ ကြိမ်ပဲ ရောက်ခဲ့ဖူးတာ။ အခုဆို ၂ နှစ်ဆက်တိုက် တက်နိုင်ခဲ့တာမို့ ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။