မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ အဲရစ်တန်ဟက် နေရာ အစားထိုးဖို့ အတွက် ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်အား ဆက်သွယ် မေးမြန်းခဲ့တယ် လို့ သတင်းထွက်လာပါတယ်။
ဂျာမနီက သတင်းတွေက ထိုသို့ စတင် ဖော်ပြလာတာ ဖြစ်ပြီး မနေ့ညက ယူနိုက်တက်ရဲ့ ကွန်ဗန်ထရီကို အသည်းအသန် ကန်ခဲ့ရတဲ့ နိုင်ပွဲ အပြီးမှာ ထိုသတင်းက ပိုမို ကျယ်ပြန့်လာပါတယ်။
တူချယ်ကလည်း လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမှာ ဖြစ်ပြီး ယူနိုက်တက် ကို ကိုင်တွယ်ဖို့ကလည်း ၎င်း အတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြလောင်း စာရင်းထဲမှာ တူချယ် ပါဝင်နေကြောင်းကလည်း ပြီးခဲ့တဲ့ ဇန်နဝါရိတည်းက သတင်းထွက်ခဲ့တာပါ။ လက်ရှိမှာတော့ ယူနိုက်တက်ဘက်က တူချယ်ကို ဆက်သွယ်မှုတွေ ပြုလုပ်လာဟန် ရှိပါတယ်။
ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ် ဆာဂျင် ရက်ကလစ်ကလည်း ချယ်ဆီးနည်းပြဟောင်း တူချယ်ကို အတော် လေးစားမှု ရှိသူပါ။ ရက်ကလစ်ဖ်က တကယ်လို့သာ ယူနိုက်တက်ဟာ တန်ဟက်နဲ့ လမ်းခွဲမယ် ဆိုရင် တူချယ် အနေနဲ့ လာမယ့် ရာသီမှာ အသင်းအတွက် ဘယ်လောက် အားထုတ်ပေးနိုင်သလဲ လို့ မေးမြန်းခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
တူချယ်ဟာ ချယ်ဆီးနည်းပြ အဖြစ် ၂၀၂၁ နဲ့ ၂၀၂၂ မှာ တာဝန်ယူခဲ့ပြီး အနောက် လန်ဒန်သားတွေ အတွက် ချန်ပီယံလိဂ်၊ ကလပ် ကမ္ဘာ့ဖလားနဲ့ စူပါဖလားတို့ ယူဆောင်ပေးခဲ့သူပါ။
ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ညက အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ အပြီးမှာ ဝေဖန်မှုတွေ ပိုမို ခံနေရပြီး ပရိသတ်တွေ ဘက်ကလည်း ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေပါ ရှိလာနေပါတယ်။