လီဗာပူးက ဖလားလိုချင်တာရော ဟုတ်ရဲ့လား ဆိုတဲ့ ဗန်ဒိုက်၊ ချန်ပီယံလိဂ် ဝင်ခွင့်ပဲ လုပ်တော့မှာ ဆိုတဲ့ ကလော့ပ်

မနေ့ညက ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီ မှာ လီဗာပူးအသင်းဟာ အဲဗာတန်ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြကလော့ပကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်တွေ စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဒီနောက်ပိုင်းမှာ ဆက်တိုက် ခြေကျလာတဲ့ လီဗာပူးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရတဲ့ထိ အခြေအနေ ဆိုးရွားနေတာပါ။

အသင်းရဲ့ ရလဒ်ဆိုး၊ စွမ်းဆောင်ရည်ဆိုးတွေကြောင့် လီဗာပူးက အခု ပရီးမီးယားလိဂ်ဖလား မျှော်လင့်နေရမယ့် အချိန် မဟုတ်တော့ကြောင်းကို ကလော့ပ်က ပြောဆိုလာခဲ့တာပါ။

” ကျနော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်တောင် မသေချာသေးပါဘူး။ ဒီတော့ ဘောလုံးကို ကောင်းကောင်းကစားဖို့ လိုလာနေပါတယ် ” လို့ တုန့်ပြန်ခဲ့တယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပေမယ့် ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ် ကွာဟသွားသလို တတိယနေရာက မန်စီးတီးထက်လည်း ၂ ပွဲပို ကစားထားတာပါ။

အခုချိန်မှာ စပါးထက် ၁၄ မှတ် အသာရနေပေမယ့် လန်ဒန်ကလပ်ဟာ လက်ကျန် ၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးကာ လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မသေချာသေးတာ ဖြစ်ပါတယ်။

ဗန်ဒိုက်ကတော့ ” ဒီလိုပုံစံကစားနေပြီး ဖလားမျှော်နေလို့မှ မရတာဗျာ။ ကျနော်တို့ တစ်သင်းလုံး မှန်ထဲ ကိုယ့်ဘာသာ ပြန်ကြည့်ပြီး အစွမ်းကုန် ကြိုးစားခဲ့ကြရဲလား? တကယ်ကော ဖလားရချင်ကြရဲ့လား? လို့ မေးခွန်းထုတ်ရမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။