ပက် ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ မနေ့ညက အဝေးကွင်းမှာ ဘရိုက်တန်ကို ၄-၀ နဲ့ အနိုင်ရပြီးတဲ့နောက် ပြိုင်ဘက်တွေထက် ၁ ပွဲလျော့ကစားပြီး လီဗာပူးကို ၂ မှတ်ဖြတ်လိုက်သလို အာဆင်နယ်နောက် ၁ မှတ် အကွာကနေ ကပ်လိုက်နေပြီ ဖြစ်ပါတယ်။
လီဗာပူး အသင်းဟာ အရင်တစ်ရက်ကပဲ မာဆေးဆိုဒ် ဒါဘီ ပြိုင်ဘက် အဲဗာတန်ကို ၂-ဝ နဲ့ ရှုံးလိုက်တာကြောင့် ချန်ပီယံ အလားအလာနဲ့ ရေပန်းစားမှုမှာ အတော်လေး ကျဆင်းသွားပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းက မန်စီးတီး၊ အာဆင်နယ်တို့ကို ကျော်ပြီး ရနိုင်နေဆဲဖြစ်ကြောင်း ဂွာဒီယိုလာက ညကပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
ဘီဘီစီ သတင်းထောက်က ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးအသင်း ထွက်ခွာသွားရပြီး မန်စီးတီးနဲ့ အာဆင်နယ်ပဲ ယှဉ်ပြိုင်ရတော့မယ် မဟုတ်လားလို့ မေးခွန်းထုတ်ခဲ့တယ်။
ဂွာဒီယိုလာက ” အဲ့ဒီလို မဟုတ်ပါဘူးဗျာ။ လီဗာပူးက ၂ ပွဲဆက် ရှုံးသွားသလိုပဲ အာဆင်နယ်လည်း ရှုံးနိုင်သေးသလို ကျနော်တို့လည်း ရှုံးနိုင်ပါတယ်။ ဘယ်အသင်းမှ သေချာနေတာမျိုး မရှိပါဘူး။
အရေးအကြီးဆုံးက ကျနော်တို့အသင်း ဖလားပြိုင်ဆိုင်မှုထဲ ဆက်ရှိနေတာပါပဲ။ ပွဲတွေ အများကြီး ကစားရဦးမှာပါ။ အခုကတော့ အနားယူပြီး နောက်ပွဲကို အားစိုက်ဖို့ပါ ” လို့ တုန့်ပြန် မှတ်ချက်ပေးခဲ့တယ်။
ဒီသီတင်းပတ်ကုန်မှာ မန်စီးတီးဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ အာဆင်နယ်က လန်ဒန်ဒါဘီပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးကတော့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲ ရှိနေတာ ဖြစ်ပါတယ်။