လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ပြီးခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးအသင်း အရေးနိမ့်ပြီး ပရီးမီးယားလိဂ် ဖလားအိပ်မက် ပျက်ဆီးသွားရခြင်းအတွက် ကစားသမား ၂ ဦးကို လုံးဝ ခွင့်မလွှတ်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
လီဗာပူးဟာ နောက်ကနေ လိုက်ကစားပြီး ချေပဂိုးတွေ ရသင့်ပေမယ့်လည်း တိုက်စစ်သမားတွေရဲ့ ကြောင်တောင်တောင် ကစားပုံတွေကြောင့်ပဲ ဂိုးမရသလို နောက်ထပ် ဂိုးပါ ခွင့်ပြုခဲ့ရတာပါ။
ကာရေဂါက ” ပထမပိုင်းမပြီးခင် ဒါဝင် (နူးညက်ဇ်) ရဲ့ အခွင့်အရေး လွဲချော်မှုဟာ ဒီလိုအဆင့်မှာ ခွင့်မလွှတ်နိုင်စရာဖြစ်ရပ်ပါ။ ဖလားစိန်ခေါ်နေရတဲ့ လီဗာပူးလိုအသင်းအတွက် ဒီလိုအခြေအနေမှာ သူရဲ့ လွဲချော်မှုက လက်ခံပေးလို့ကို မရပါဘူး။
ဒုတိယပိုင်းအစမှာ လီဗာပူးက ပွဲကို အပြည့်အဝ ထိန်းချုပ်ထားတော့ ဂိုးတော့ ရတော့မယ် ထင်မိတယ်။ လီဗာပူးက ၁ ဂိုး စသွင်းနိုင်တာနဲ့ နောက်ထပ် ဂိုးတွေ ထပ်ရတော့မှာပါ။ သူတို့ ဒုတိယပိုင်းပြန်စတာ ကောင်းပေမယ့် ဆာလာက ဘောလုံးတွေ ဖြုန်းတီးပါတယ်။
ဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက မိုဆာလာလည်း ခြေစွမ်းပျောက်နေတယ်။ သူက လီဗာပူး ဂန္တဝင်ပါ။ စူပါစတားပါ။ ဒါပေမယ့် သူကလည်း ခြေစွမ်းတွေ သိပ်ကို ကျဆင်းနေပါတယ်။ ၂-၀ ဖြစ်သွားတော့ လီဗာပူးအသင်း ဘာမှ မလုပ်တတ်တော့ပါဘူး ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် စွန့်လွှတ်ရသလောက် ဖြစ်သွားပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။