ဒီစနေည ကစားမယ့် မန်ချက်စတာ ယူနိုက်တက် – ဘန်လေ ပွဲ အတွက် ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက်နဲ့ ဘန်လေ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက် ကြည့်ရတာ ဘာမှ လွယ်ကူနေတာ မရှိသလိုပါပဲ။ ဒါကို ဒီကြားရက်က ပွဲမှာလည်း သူတို့ ပြသခဲ့ပါသေးတယ်။

ဇယားအောက်နားက ရှက်ဖီးအသင်းနဲ့ တွေ့မှာ ဖြစ်လို့ သူတို့ိကို အနိုင်လို့ ကျွန်တော် ခန့်မှန်းခဲ့တာတောင် ပွဲ မနိုင်ခင် နှစ်ကြိမ် တိုင်တိုင် သူတို့ နောက်က လိုက် ကစားခဲ့ရတယ်။

ဘန်လေကတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိတော့မှာပါ။ သူတို့ စွမ်းဆောင်ရည်တွေကို ကြည့်မယ် ဆိုရင် တည်ငြိမ်မှုလည်း ရှိတယ်။ တိုးတက်လာတာလည်း တွေ့ရတယ်။ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှ တစ်ပွဲ ပဲ ရှုံးထားတယ်။

ဒီပွဲကိုလည်း သူတို့ ကြိုးစားဦးမှာပါပဲ။ ဒီရာသီ အစောပိုင်း Turf Moor မှာ ကန်တုန်းကလည်း ယူနိုက်တက်ကို အတော်ကြီး ယှဉ်ကစားနိုင်ခဲ့တယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက် အလန်း ကြောင့်သာ အရေးနိမ့်ခဲ့ရတာ။

ကျွန်တော်က ဖာနန်ဒက်စ်ရဲ့ အပြုအမူတွေကို အမြဲ သဘောကျလေ့ ရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် အဲရစ် တန်ဟက် အသင်း အတွက် သူက အရေးကြီးတဲ့ ကစားသမားပါ။ ကြားရက်ကပွဲတုန်းကလည်း သူ ဆယ်တင်ခဲ့သလို ဒီပွဲမှာလည်း သူပဲ အခရာကျဦးမှာပါပဲ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘန်လေ ဖြစ်ပါတယ်။