ချယ်ဆီး သွင်းတဲ့ ဂိုးကို မပေးတာက အင်္ဂလန် ဘောလုံးလောက ပုံရိပ်ပါ ထိခိုက်သွားနိုင်တယ် လို့ အမှုကြီးအောင် လုပ်လိုက်တဲ့ ပိုချက်တီနို

ချယ်ဆီး နည်းပြ ပိုချက်တီနိုကတော့ မနေ့ညက ဗီလာနဲ့ ၂-၂ သရေ ပွဲမှာ ဒီဆာစီရဲ့ နောက်ကျ အနိုင်ဂိုးကို ခွင့်မပြုပေးတဲ့အပေါ် ပြစ်တင် ဝေဖန်လိုက်ပြီး အင်္ဂလန် ဘောလုံးလောကရဲ့ ပုံရိပ်ပါ ထိခိုက်သွားနိုင်တယ်လို့ မှတ်ချက်ပေးလာပါတယ်။

ချယ်ဆီးဟာ ဒီပွဲကို ၂-၀ ဖြင့် နောက်က လိုက်ကစားရပေမယ့် ခြေပဂိုးတွေ ပြန်ယူနိုင်ခဲ့တာပါ။ မိနစ် ၉၀ + ၅ အရောက်မှာတော့ ဒီဆာစီ ဂိုးသွင်းပေမယ့် အဲ့မတိုင်ခင် ၅၀-၅၀ ထိပ်တိုက်တွေ့မှု အခြေအနေကို Foul အဖြစ် ထည့်တွက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ပိုချက်တီနိုက ‘ ဒီပွဲ ကြည့်နေတဲ့သူတိုင်း စိတ်ပျက်ကြောင်း ခံစားမိကြမှာပါ။ မတူညီတဲ့ ကိစ္စ ၂ ရပ် အတွက် လူတိုင်းကို ရှင်းပြရပါမယ်။

ဒိုင်လူကြီးက ပြစ်ဒဏ်အဖြစ် မြင်လို့ ဂိုးကို ခွင့်မပြုရင်၊ အဲ့ဖြစ်ရပ်ကို VAR ကလည်း အတည်ပြုရင် အဆင်ပြေပါတယ်။

ဒါပေမယ့် ဒိုင်လူကြီးက ဘာမှ မမြင်တဲ့ကိစ္စကို VAR က စစ်တယ် ပြီးတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေတာမျိုးကတော့ မဟုတ်သေးပါဘူး။

ဒိုင်လူကြီးနဲ့ VAR တို့က လက်မခံနိုင်စရာပါပဲ။ သူတို့ရဲ့ ဆုံးဖြတ်ပုံတွေက လက်ခံဖို့ ခက်ခဲပါတယ်။ အက်စတွန်ဗီလာ ကစားသမားတွေနဲ့ ပရိသတ်တွေတောင် ဂိုးကို ဘာကြောင့် မပေးလဲ နားလည်မှာ မဟုတ်ပါဘူး ’ လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။