ယူနိုက်တက်က ဆာအဲလက်စ် ခေတ်တုန်းကလည်း ရုန်းကန်ရတာပဲ လို့ သရဲနီ ဂန္တဝင်ကြီးတွေ ခံရခက်အောင် ပြန်ပက်လိုက်တဲ့ တန်ဟက်

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းကို သတင်းဌာနတွေကနေ တဆင့် တောက်လျှောက် ဝေဖန်နေကြတဲ့ သရဲနီ ဂန္တဝင် အုပ်စု ဖာဒီနန်၊ ရွိုင်ကိန်း၊ နဗီးနဲ့ စခိုးတို့ကို နည်းပြတန်ဟက်က တုန့်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

တည်ငြိမ်မှု မရှိသေးတဲ့ အသင်း ရလဒ်နဲ့ ကစားဟန် အပေါ် နည်းပြ တန်ဟက်က ကာကွယ် ပြောဆိုခဲ့ပြီး ယူနိုက်တက် ဟာ ပရီးမီးယားလိဂ်မှာ Entertaining အဖြစ်ဆုံး အသင်း တစ်သင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

” ကျနော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ပေါက်ကွဲမှု အကောင်းဆုံး၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး အသင်းတွေထဲက တသင်းပါ ” လို့ နည်းပြတန်ဟက် ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တန်ဟက်က လက်ရှိ ယူနိုက်တက် အသင်းကို ဆာအဲလက်စ် ဖာဂူဆန်ခေတ်နဲ့ နှိုင်းယှဉ်လိုက်ပြီး တည်ဆောက်နေဆဲ ကာလမို့ စိတ်ရှည်ပေးရမယ်လို့ သတိပေးမှုလည်း လုပ်ခဲ့ပါတယ်။

တန်ဟက်က ‘ လူတွေက ၂၀၀၄-၂၀၀၅ တုန်းက ယူနိုက်တက်ကို မေ့နေကြတယ်။ ရွန်းနီ၊ ရော်နယ်ဒိုတို့နဲ့ အသင်းသစ်ကို ဆာအဲလက်စ် အထိုင်ချနေချိန် သူတို့တွေကလည်း ကောင်းကောင်း ကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။

သူတို့ ပြန်တည်ဆောက်နေချိန်မှာ အချိန်ယူခဲ့ရတာပဲလေ။ ဒါကို အားလုံး မေ့နေကြတယ်။ အဲ့အသင်းမှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေ ကိုယ်တိုင်ပေါ့ ‘ လို့ တုန့်ပြန်ခဲ့တာပါ။

ဒီရာသီ တန်ဟက်ရဲ့ ပွဲပြီး အင်တာဗျူးတွေဟာ အတော်လေးကို ဝေဖန်ခံနေရတာဖြစ်ကာ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ အခွင့်အရေး နည်းပါးသွားမယ် တွက်ဆရတာ ဖြစ်ပါတယ်။