မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းကတော့ မနေ့ညက လန်ဒန်ဒါဘီမှာ စပါးကို အနိုင်ယူတဲ့ပွဲအတွင်း အာဆင်နယ်အသင်းရဲ့ အရည်အချင်း ၁ ရပ်ကို ဖော်ထုတ် ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တည်ကန်ဘောမှာ ကြောက်စရာ အကောင်းဆုံးအသင်း ဖြစ်ကာ အဆိုပါ အနေအထားကနေ ၁၆ ဂိုးထိ သွင်းယူလာနိုင်ပြီဖြစ်ပါတယ်။ အာဆင်နယ်နောက် ဒုတိယနေရာက အဲဗာတန်တောင် ၁၂ ဂိုးပဲ သွင်းထားနိုင်ပါတယ်။
ရွိုင်ကိန်းက ” အာဆင်နယ်က သိပ်ကောင်းခဲ့ပါတယ်။ စပါးတို့ ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် အာဆင်နယ်က ပွဲကို ထိန်းချုပ်ထားခဲ့တာပါ။
တည်ကန်ဘောတွေရဲ့ အရေးပါမှု အကြောင်းကို ကျနော်တို့ ပြောခဲ့ကြပါတယ်။ ကောင်တာ-တိုက်စစ်ကနေ အာဆင်နယ်က ဒုတိယဂိုး သွင်းယူခဲ့တယ်။ စပါးက လုံလောက်တဲ့ သတ္တိရှိမှုကို မပြသနိုင်ခဲ့ပါဘူး။
ခံစစ်ပိုင်းမှာကော တည်ကန်ဘောတွေမှာပါ အာဆင်နယ်က စပါးထက် ပိုသာလွန်ခဲ့ပါတယ်။ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ လန်ဒန်ဒါဘီ နိုင်ပွဲ အပြီးမှာ ဆက် ကစားတဲ့ မန်စီးတီးကလည်း ဖောရက်စ်ကို အနိုင်ရခဲ့သေးတာကြောင့် အာဆင်နယ်နဲ့ စီးတီးကြား အမှတ်ကွာဟချက်က တစ်မှတ်သာ ရှိတော့ပြီး ဂန်းနားတို့က တစ်ပွဲပို ကစားထားပါတယ်။