ရီးရဲလ်မက်ဒရစ် ဟာ ကောင်တာကို အားပြုတဲ့အသင်းဖြစ်ကြောင်း မန်စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ရဲ့ သုံးသပ်ချက် အပေါ် ရီးရဲလ် နည်းပြ အန်ဆယ်လော့တီက အေးအေးဆေးဆေး တုန့်ပြန်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ထိပ်တိုက်တွေ့မှုမှာ မန်စီးတီးက အခွင့်အရေး ပိုမို ဖန်တီးပြီး ပိုမို ခြိမ်းခြောက်ခဲ့ပေမယ့် ရီးရဲလ်ကို အနိုင်မရသလို ကောင်တာတွေကနေ ဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ ၂ ကျော့ပေါင်း ရလဒ် မပြတ်သားခြင်းကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ မက်ဒရစ်က အနိုင်ရသွားခဲ့တာပါ။
ဘာနာဒိုက ‘ ရီးရဲလ်မက်ဒရစ်က ထူးဆန်းတဲ့ အသင်းပါ။ တခါတလေ ကိုယ့်က ပွဲကို ထိန်းချုပ်ထားပြီး သူတို့ လုပ်နိုင်စွမ်းကို ကန့်သတ်ထားချိန်၊ သူတို့ ဘာမှ မလုပ်နိုင်ဖြစ်နေတာတောင် ကောင်တာကနေ ဂိုးတွေ သွင်းသွားတယ်။
ရီးရဲလ်မက်ဒရစ်မှာ တစ်ဦးချင်း သိပ်ကောင်းတဲ့ ကစားသမားတွေ ရှိနေပါတယ်။ သူတို့က ကောင်တာ-တိုက်စစ်တွေမှာ သိပ်မြန်ပြီး အားကောင်းတာကြောင့် သူတို့ကို ထိန်းချုပ်နိုင်ဖို့က ခက်ခဲပါတယ်။
ကစားသမားတွေ အများကြီးနဲ့ သူတို့ကို တိုက်စစ်ဆင်ရင် သူတို့က ကောင်တာ ကစားတယ်။ ကစားသမား အများကြီးနဲ့ တိုက်စစ်မကစားရင်လည်း သူတို့ကို ထိထိရောက်ရောက် တိုက်စစ်ဆင်လို့ မရပြန်ဘူး ‘ လို့ မှတ်ချက်ပေးခဲ့တာပါ။
ဒီနေ့ည ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ အန်ဆယ်လော့တီကတော့ ဘာနာဒိုရဲ့ နည်းစနစ်ပိုင်း မှတ်ချက်ပေးမှုအပေါ် ဘာဖိအားမှ ရှိမနေပါဘူး။
အန်ဆယ်လော့တီကတော့ ‘ ကျနော်တို့က ထူးဆန်းနေတဲ့အသင်း မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ကျနော်တို့က ဘယ်လို အသင်းလဲဆိုတာ သက်သေပြထားခဲ့ပါပြီ။
ဘာနာဒို ပြောတာကို ဘာမှတ်ချက်မှ မပေးလိုပါဘူး။ မနှစ်က ဖိုင်နယ်မှာ သူတို့ အနိုင်ရခဲ့တယ်။ အခု ကျနော်တို့လည်း အဲ့လိုလုပ်နိုင်အောင် ကြိုးစားဖို့ပါပဲ ‘ လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။