ပြိုင်ဘက်အသင်းကြီးတွေ သိပ်လိုချင်ကြပေမယ့် ပက်နဲ့ စီးတီး အတွက် အထူးဆန်း မဟုတ်တောတဲ့ အောင်မြင်မှု တစ်ခု

မန်ချက်စတာ စီးတီး အသင်းဟာ လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် သေချာခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ပြိုင်ပွဲဝင်ခွင့် အပေါ် ဘယ်လို ပျော်ရွှင်ရသလဲလို့ သတင်းထောက် တစ်ဦးက မေးခွန်းထုတ်ခဲ့ရာ ပက် ဂွာဒီယိုလာ က ဟာသလုပ်ကာ လှောင်ရယ်ရင်း ဖြေကြားခဲ့ပါတယ်။

” ဝိုး.. ဟုတ်လား (စီးတီး ချန်ပီယံလိဂ် ဝင်ခွင့်ရတာ)။ မနက်ဖြန်ကျရင်တော့ ကျွန်တော် အောင်ပွဲခံဦးမှပဲ။ ကျွန်တော်တို့ စီအီးအိုနဲ့ အသင်း ပိုင်ရှင်တွေကလည်း နောက်ရာသီ အသင်းက ချန်ပီယံလိဂ်မှာ ကစားခွင့်ရမှာ ဆိုတော့ သိပ် သိပ်ကို ပျော်နေကြတော့မှာပဲ။

အသင်း တော်တော်များများက ဒီလို အနေအထား သိပ်လိုချင်ကြမှာ သေချာပါတယ်။ တကယ်တော့ ဒါက သတင်းကောင်း တစ်ခုပါပဲ။ ” လို့ ပက် ဂွာဒီယိုလာ က ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီတည်းက စလို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နှစ်တိုင်း ပါဝင်နေခွင့် ရရှိနေတာ ဖြစ်လို့ ဒီလို ယှဉ်ပြိုင်ခွင့်ရတယ် ဆိုတာ အထူးအဆန်းကြီး အောင်မြင်မှုကြီးလို့ မဟုတ်တော့ပါဘူး။

ဒါပေမယ့် အခြား ပြိုင်ဘက်အသင်းကြီးတွေ ဖြစ်တဲ့ တော့တင်ဟမ် စပါး၊ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီး အသင်းတို့တွေဟာ နောက်ရာသီ ဥရောပ အမြင့်ဆုံးအဆင့် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ကြိုးစားဆဲ၊ ကြိုးစား မရနိုင် အနေအထားတွေမှာသာ ရှိနေပါတယ်။