ယူနိုက်တက်မှာ ဂိုးသမား အိုနာနာ ရုန်းကန်နေရတာက အသင်းဖော် တစ်ဦးကြောင့်လို့ လက်ညှိုးထိုးလိုက်သူ

ယူနိုက်တက် ဂိုးသမား အိုနာနာ တစ်ယောက် ဆိုးဆိုးဝါးဝါး ရုန်းကန်နေရခြင်းဟာ တွဲကစားနေတဲ့ နောက်ခံလူ တစ်ဦးကြောင့် ဖြစ်တယ် လို့ အိုနာနာရဲ့ အသင်းဖော်ဟောင်း ရိုင်ယန် ဘာဘဲလ်က ထောက်ပြလိုက်ပါတယ်။

ဘာဘဲလ်က အေဂျက်မှာ အိုနာနာနဲ့ တွဲကစားခဲ့ဖူးပြီး လီဗာပူးအသင်းမှာလည်း ကစားခဲ့ဖူးတဲ့ တောင်ပံ တိုက်စစ်သမား တစ်ဦး ဖြစ်ပါတယ်။

ဘာဘဲလ် က ” အင်ဒရီ အိုနာနာ က ဂိုးသမားကောင်း တစ်ယောက်ပါ။ ကျွန်တော် သူနဲ့ အေဂျက်မှာ အတူ ကစားဖူးတယ်။ အဲဒီမှာ သူ အစွမ်းပြခဲ့သလို အင်တာမှာလည်း လုပ်နိုင်စွမ်းကို ဆက်ပြီး ပြသခဲ့သူပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ သူ လက်မှတ် ထိုးလိုက်တည်းက အကြောင်းအချက် တချို့ကြောင့် အလုပ် မဖြစ်ဘူး။ ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတို့ အသင်း ပရိသတ်တွေ ခံစားနေရတာလည်း အတော်ကြာပါပြီ။ သူတို့က ချက်ချင်း ပြောင်းလဲ သက်ရောက်မှုတွေ ရလဒ်တွေ မြင်ချင်ကြတယ်၊ အထူးသဖြင့် ကစားသမားသစ်တွေ ဆီကပေါ့။

ယူနိုက်တက် အသင်းသားထဲမှာမှ အိုနာနာ က စောင့်ကြည့်ချင်စရာ ဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြင်ရတဲ့ သူ့ မှားတွေက မှားယွင်းတဲ့ ပေါင်းစပ်မှုတွေကြောင့် ဖြစ်လာရတာပါ။

အိုနာနာ က အေဂျက်မှာ ဆိုရင် နောက်တန် လေးယောက်တန်းနဲ့ ကစားတာ။ သူ့ရှေ့က လေးယောက်လုံးကလည်း ဘောလုံးကို ခြေထောက်ထဲမှာ အံ့ဖွယ် ထိန်းနိုင်ကြသူတွေပါ။

ကျွန်တော် မလေးမစား ပြောချင်တာ မဟုတ်ဘူး။ အိုနာနာက ဟယ်ရီ မက်ဂွဲရားနဲ့ တွဲကစားလိုက်တာနဲ့ အိုနာနာ ဒုက္ခတွေ များတော့တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ တွဲ ကစားတဲ့ နောက်ခံလူက ဖွင့် မကစားတတ်ဘူး၊ မှန်ကန်တဲ့ ရွှေ့ကွက်တွေ မလုပ်နိုင်ဘူး ဆိုရင် အိုနာနာက ဝင်ပါရပြီ၊ သူ အန္တရာယ်များပြီပေါ့။

အေဂျက်မှာက နောက်ခံလူကောင်း လေးယေက်ကြောင့် အိုနာနာက အေးဆေးနိုင်ခဲ့တယ်။ သူတို့ ရှေ့မှာလည်း ဖရန်ကီ ဒီဂျောင် ကလည်း ရှိသေးတယ်။ အိုနာနာက ဂိုးသမားကောင်းပါ၊ သူတို့က သူ့ကို ပိုပြီး ကောင်းအောင် ပံ့ပိုးနိုင်ခဲ့တယ်။

ကစားသမားတွေ အတူ တွဲ ကစားလို့ အလုပ်မဖြစ်ဘူး ဆိုရင် တစ်ယောက်ယောက်ကတော့ အခြေအနေ ဆိုးအောင် လုပ်နေတာပါပဲ။ ဒီကိစ္စမှာတော့ အိုနာနာက ခံစားနေရတာပါ။ ” လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အိုနာနာ ဟာ ပြီးခဲ့တဲ့ အပတ် ဘန်လေနဲ့ ပွဲမှာ စိတ်ပျက်ဖွယ် ပင်နယ်တီ တစ်လုံး လက်ဆောင်ပေးခဲ့ပြီး အသင်းကို သရေ ရလဒ် ထွက်စေခဲ့ပါတယ်။