လီဗာပူးနဲ့ ဆွေးနွေးနေရင်း အမ်မိုရင်း ကို လန်ဒန်ခေါ်ပြီး ချယ်ဆီးကလည်း ညှိနှိုင်းခဲ့တယ် ဆိုတဲ့ သတင်းအပေါ် ငြင်းချက် ထွက်လာ

လီဗာပူးအသင်း ချိတ်ဆက် စကားပြောခဲ့တဲ့ စပို့တင်းလစ္စဘွန်း နည်းပြ အမ်မိုရင်းဟာ ဆွေးနွေးဆဲကာလမှာ လန်ဒန်သို့ လာပြီး ချယ်ဆီးအသင်းနဲ့ စကားပြောခဲ့တယ် သတင်း ထွက်ပေါ်လာပါတယ်။ အမ်မိုရင်းက ဝက်စ်ဟမ်း အသင်းနဲ့လည်း ဆွေးနွေးမှုပြုလုပ်ခဲ့ပါသေတယ်။

ဒါပေမယ့် ချယ်ဆီးအသင်းဟာ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး မန်နေဂျာသစ်နဲ့ ရှေ့ဆက်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် အမ်မိုရင်းကို စကားပြောနေခြင်း မရှိဘူးလို့ သိရပါတယ်။

ချယ်ဆီးဟာ လီဗာပူး၊ ဝက်စ်ဟမ်းတို့နဲ့ ညိနှိုင်းစကားပြောမှု အဆင်မပြေခဲ့တဲ့ အမ်မိုရင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောကျနေကြောင်းနဲ့ သူ လန်ဒန်ကို လာဖို့ သီးသန့်လေယာဉ်ကို ချယ်ဆီးဘက်က ငှားပေးခဲ့တာလို့ ဖော်ပြမှုတွေ ရှိလာနေတယ်။

နာမည်ကြီး ချယ်ဆီး သတင်းထောက် Matt Law ကတော့ ” ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ် လန်ဒန်ကို အမ်မိုရင်း လာနိုင်ဖို့ လေယာဉ် စီစဉ်ပေးခဲ့ခြင်း မရှိသလို သူနဲ့ ဆွေးနွေး စကားပြောနေတာမျိုးလည်း လုံးဝ မရှိထားပါဘူး ” လို့ ဖော်ထုတ်လာတာပါ။

အာဆင်နယ်ကို ၅-၀ ရလဒ်မျိုးထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချယ်ဆီးတာဝန်ရှိသူတွေဟာ ပိုချက်တီနိုရဲ့ ဦးဆောင်နိုင်မှုကို သံသယတွေ ဝင်လာနေခဲ့ပါတယ်။

ချယ်ဆီး ပူးတွဲပိုင်ရှင် Behdad Eghbali ဟာ အသင်းလေ့ကျင့်ရေးမှာ နေ့စဉ် တက်ရောက်နေကြောင်းနဲ့ မကြာခင်မှာ ပိုချက်တီနိုကို ထုတ်ပယ်ကာ နည်းပြနေရာ တာဝန်ယူရေး အလားအလာရှိသူကို ရှာဖွေဖို့ ကြိုးစားလိမ့်မယ်လို့ အသံကျယ်နေပါတယ်။

ပိုချက်တီနိုကို ထုတ်ပယ်မယ်ဆိုရင် လျှော်ကြေး အများအပြား ပေးရမှာဖြစ်သလို အမ်မိုရင်းအတွက် စပို့တင်းကိုလည်း ပြောင်းရွှေ့ကြေးတွေ ပေးရဦးမှာမို့ ဘဏ္ဍာရေးပိုင်း အကန့်အသတ်ရှိနေတဲ့ ချယ်ဆီးအတွက် အခက်တွေ့နေတာ ဖြစ်ပါတယ်။