ဒဏ်ရာရ အသင်းသား သိပ်များနေတဲ့ အိမ်ရှင် ချယ်ဆီးနဲ့ အဆင့် ၄ ရဖို့ ရုန်းမယ် တော့တင်ဟမ် စပါးတို့ရဲ့ ယနေ့ည လန်ဒန်ဒါဘီပွဲ

ချယ်ဆီးအသင်းနဲ့ တော့တင်ဟမ် စပါးအသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲကျန် တစ်ပွဲ အဖြစ် ဒီည စတန်းဖို့ ဘရစ်ချ်မှာ လန်ဒန် ဒါဘီပွဲ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိတဲ့ စပါးအသင်းဟာ အက်စတွန်ဗီလာနဲ့ ၇ မှတ် ကွာဟနေပြီး လက်ထဲမှာ လက်ကျန် နှစ်ပွဲ ကျန်ရှိနေသေးတာကြောင့် ပွဲတိုင်း ၃မှတ်ပြည့် ယူဖို့ ပစ်မှတ်ထားနေပါတယ်။

အလားတူ ချယ်ဆီးအသင်းကလည်း ပွဲကျန် နှစ်ပွဲ ကျန်ရှိနေသေးပြီး အဆင့် ၉ နေရာမှာသာ ရှိတာကြောင့် ဥရောပ ပြိုင်ပွဲ ဝင်ခွင့် တစ်ခုခု ရရှိဖို့ အတွက် ကြိုးစားနေပါတယ်။ ချယ်ဆီးအသင်း အနေနဲ့လည်း အက်ဖ်အေဖလား လုဖို့ကလွဲပြီး တခြား မျှော်လင့်ချက် မရှိတာကြောင့် လက်ကျန်ပွဲတွေမှာ အစွမ်းရှိသလောက် အားထုတ်သွားဖို့ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ချယ်ဆီးအသင်းဟာ စပါးနဲ့ နောက်ဆုံး ရင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် ၁ဝ ပွဲထဲ တစ်ပွဲသာ ရှုံးထားပြီး ၇ ပွဲ နိုင် ၂ ပွဲ သရေ ရထားပါတယ်။

တော့တင်ဟမ် စပါးရဲ့ ချယ်ဆီး ကို ရင်ဆိုင်ခဲ့တဲ့ အဝေးကွင်း ပွဲ ၃၈ ပွဲထဲမှာ ချယ်ဆီးကို နိုင်ထားခဲ့တဲ့ နောက်ဆုံး ပွဲကတော့ ဧပြီ ၂၀၁၈ တုန်းက ၃-၁ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရ စာရင်း

ချယ်ဆီးက ဒီညပွဲမှာ သီယေဂို ဆေးလ်ဗား၊ ဒီဆာစီ တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကိုးဝဲလ်နဲ့ အန်ကွန်းကူ တို့ ထရိန်နင် ပြန်ဆင်းနေပေမယ့် ဒီညပွဲမှာ ထည့် ကစားဖို့က အရမ်း စောနေနိုင်တာကြောင့် ပါဝင်နိုင်ဖို့ မသေချာပါပြန်ပပါဘူး။

တခြား ဒဏ်ရာရနေသူတွေကတော့ ရိစ်ဂျိမ်းစ်၊ ဂတ်စတို၊ အန်ဇို၊ အူဂိူချူကူ၊ ဘန်ချေးဝဲလ်၊ လာဗီယာ၊ စတာလင်၊ ဆန်းချက်ဇ်၊ ဖိုဖာနာ တို့ ဖြစ်ကြပါတယ်။

ပိုချက်တီနိုမှာ ဒဏ်ရာ ကင်းတဲ့ စီနီယာ အသင်းသား ၉ ဦးသာ ရှိတာကြောင့် လူငယ်တွေထဲကနေ ရွေးချယ် ပွဲထုတ်လာဖွယ် ရှိနေပါတယ်။

စပါးအသင်းဘက်ကမှာတော့ တီမိုဗာနာ ရာသီကုန်ထိ လွဲချော်နေပြီ ဖြစ်ပြီး ဘန်ဒေးဗီးစ် ဒဏ်ရာကလည်း ကြာဦးမှာပါ။ အိုလီဗာ စကစ်ကတော့ ပြန်ပါဝင်လာဖွယ် ရှိပါတယ်။

ပွဲချိန်

ချယ်ဆီးနဲ့ စပါးတို့ လန်ဒန်ဒါဘီပွဲကတော့ ဒီနေ့ ကြာသပတေးနေ့ည ၁ နာရီအချိန် စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ကြမှာပါ။