အာဆင်နယ်က ဘုန်းမောက် ယှဉ်နိုင်မယ့် ပြိုင်ဘက် မဟုတ်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အမှတ်ပေးဖလား လုပွဲမှာ အမှားမခံဘဲ ပွဲတိုင်း အမှတ်ပြည့် ယူဖို့ အားခဲနေတဲ့ အာဆင်နယ် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ တွေ့နေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။

ပွဲကတော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီမှာပဲ အစောပိုင်း ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်နဲ့ ဘုန်းမောက်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဘုန်းမောက်က ဒိုမိနစ် ဆိုလန်ကီကို တိုက်စစ်မှာထားပြီး ပြသနာတွေ ပေးပါလိမ့်မယ်။ ဒီတလော သီတင်းပတ်တွေမှာ သူတို့ ကစားပုံ ကောင်းနေတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ သူတို့ အတွက် မတူညီတဲ့ ပြိုင်ဘက်ပါ၊ ဒီပွဲမှာ အိမ်ရှင်တွေ အနိုင်ကလွဲပြီး တခြား မမြင်ပါဘူး။

မီခေးလ် အာတီတာ အနေနဲ့ အခုကနေ ရာသီကုန်ထိ သူ့ရဲ့ ပွဲထွက် ၁၁ ယောက်ကို သိပ်ပြီး အပြောင်းအလဲ လုပ်တော့မယ် မထင်ဘူး။ သူတို့ ရှိတဲ့ အင်အားတွေကို စုပြီး title race မှာ ဘယ်အထိ ရောက်မလဲ အားကုန် ထုတ်ကြရမှာပါ။

ရာသီ အစတုန်းက ကိုင်ဟာဗက်ဇ် ကို ခေါ်ယူမှု ဟာ ဝေဖန်မှုတွေ ကြီးကြီးမားမားကို ရှိခဲ့တာပါ။ ဒါပေမယ့် ဒီရာသီ အမှတ်ပေးဖလား လုပွဲမှာ သူက သူ့ရဲ့ အဆင့် အတန်းကို ပြသခဲ့တယ်။ တကယ့် ပွဲကြီးတိုးတဲ့ ကစားသမားလည်း ဖြစ်တယ်။

ကျွန်တော်ကတော့ အမြဲတမ်း သူ့ ပရိသတ် ဖြစ်ခဲ့တာပါ။ သူက အာဆင်နယ် ကစားပုံနဲ့ အံကိုက်တဲ့ ပါးနပ်တဲ့ ကစားသမားပါ။ ဂျာမနီမှာ သူ့ကို တခါတလေး ဘယ်စွန် နောက်ခံ အဖြစ် သုံးတာ ရှိတယ်။ ဘယ်လိုပဲ ပြောပြော မန်နေဂျာတွေက သူ့ကို ကွင်းထဲမှာ ရှိစေချင်နေကြတာချည်းပါပဲ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၃-၁ ဘုန်းမောက် ဖြစ်ပါတယ်။