မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပိတ်သိမ်းဖို့ ပွဲအနည်းငယ်ပဲ ကျန်ရှိတော့ပေမယ့် အာဆင်နယ်က ချန်ပီယံဖြစ်နိုင်သေးတယ် လို့ သုံးသပ်စကား ဆိုလိုက်ပါတယ်။
စနေနေ့ညက ပရီးမီးယားလိဂ်ပွဲတွေမှာ ၂ သင်းလုံး အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ အာဆင်နယ်က ၁ ပွဲကိုကစား ၁ မှတ်အသာဖြင့် ဦးဆောင်နေဆဲပါ။ နှစ်သင်းကြား ဂိုးကွာခြားချက် သိပ်ကြီးမားနေတာမို့ မန်စီးတီးက တစ်ပွဲတောင် သရေ ကျခွင့် မရှိဘဲ ပွဲတိုင်းနိုင်မှ ချန်ပီယံ ဖြစ်မှာဖြစ်ပါတယ်။
ဝုဗ်ကို ၅-၁ ဖြင့် အနိုင်ရခဲ့ပြီးချိန်မှာ ဂွာဒီယိုလာကတော့ ဂိုးကွာခြားချက်ကို လိုက်မှီဖို့ မဖြစ်နိုင်သလောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
နောက်ဆုံးရက်ထိ အပြိုင်ဖြစ်နေမလား မေးခွန်းအတွက်တော့ –
‘ သေချာတာပေါ့။ အရင် ၂ နှစ်လောက်က အက်စတွန်ဗီလာနဲ့ပွဲတုန်းကလို ကိစ္စက ဖြစ်လာနိုင်နေဆဲပါ။ စနေနေ့မှာ ကျနော်တို့ ဖူလ်ဟမ်နဲ့ပွဲကို အနိုင်ရဖို့ လိုပါတယ်။ စပါးပွဲကလည်း ခက်ခဲပါလိမ့်မယ်။
သွင်းဂိုးကွာခြားမှုက လိုက်မှီဖို့ မဖြစ်နိုင်အောင်ပါပဲ။ ကျနော်တို့ သရေတောင်ကျလို့ မရပါဘူး။ ဆောင်းရာသီ အားလပ်ရက်နောက်ပိုင်း အာဆင်နယ်အသင်း ကစားနေတာက အံ့မခန်း ကောင်းသလို ခြေစွမ်းတည်ငြိမ်တယ်၊ အရည်အချင်း ရှိပါတယ်။
ဒါပေမယ့် အခြေအနေက ကျနော်တို့ လက်ထဲမှာ ရှိနေဆဲပါ။ ၃ ပွဲ ကစားဖို့ ကျန်ပါမယ်။ ပထမပွဲ၊ ဒုတိယပွဲတွေကို အနိုင်ယူပြီး နောက်ဆုံးပွဲကျရင် အောင်မြင်မှုက ကျနော်တို့ လက်ထဲ ရောက်လာဖို့ မျှော်လင့်ပါတယ် ’ လို့ ရှင်းပြသွားပါတယ်။
စီးတီးဟာ ခက်ခဲတဲ့ပွဲအဖြစ် အဝေးကွင်းမှာ စပါးနဲ့ သွားကစားရဖို့ ရှိနေပြီး အဆိုပွဲဟာ ဒီရာသီ ချန်ပီယံကို အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်လာဖွယ် ရှိနေတာဖြစ်ပါတယ်။