အာဆင်နယ် နိုင်သင့်တယ် ဆိုပေမယ့် ဒိုင်ကတော့ ဘက်လိုက်ခဲ့တာ လို့ ဘုန်းမောက် နည်းပြ ပွဲပြီးပြီးချင်း ထုတ်ဖော် ပြောဆို

အာဆင်နယ် အသင်းဟာ မနေ့ညက ဘုန်းမောက်ကို ၃-ဝ နဲ့ ဂိုးပြတ် နိုင်ပွဲယူကာ မန်စီးတီးကို ဆက်လက် ဖိအားပေးနေပြီ ဖြစ်ပါတယ်။

ဘုန်းမောက်နည်းပြကတော့ အာဆင်နယ် ကို ရှုံးတဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ မမှန်ကန်ခဲ့ဘူးလို့ ပွဲပြီးပြီးချင်းပဲ ထုတ်ဖော် ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်ရဲ့ အဖွင့်ဂိုးဟာ ဟာဗက်ဇ်ရဲ့ ပင်နယ်တီ ဖြစ်ရပ်ကနေ ရခဲ့တာဖြစ်ကာ တိုက်စစ်သမားဟာ ထိတွေ့မှုဖြစ်အောင်လို့ တမင်ကို ဖန်တီးခဲ့ကြောင်းနဲ့ VAR ကလည်း ဒီထိတွေ့မှုကို ပင်နယ်တီ ပေးခဲ့တယ်လို့ ထောက်ပြသွားခဲ့တယ်။

ဘုန်းမောက်နည်းပြ Andoni Iraola က ” ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တော့ သဘောမတူပါဘူး။ ပင်နယ်တီ ပေးလိုက်ရတာနဲ့ ကျနော်တို့ ဂိုးကို ခွင့်မပြုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကိုပေါ့။

ကျနော်အတွက်ကတော့ ဟာဗက်ဇ်က ထိတွေ့မှုဖြစ်အောင်ကို လုပ်ယူသွားတာပါ။ သူက ဂိုးသွင်းဖို့ မကြိုးစားဘဲ ထိတွေ့မှုဖြစ်အောင် ကြိုးစားခဲ့တာပါ။ ဒိုင်တွေက ပင်နယ်တီ မဟုတ်မှန်းသိပေမယ့် ထိတွေ့မှုကြောင့်ပဲ ပင်နယ်တီ မပေးလို့ မရခဲ့ပါဘူး။

အာဆင်နယ်က ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်ပါတယ်။ နောက် ၂ ရက်လောက်ကြာရင် ဒိုင်အဖွဲ့က ဟာဗက်ဇ်ရဲ့ ပင်နယ်တီဟာ မပေးသင့်ကြောင်းနဲ့ ကျနော်တို့ သွင်းခဲ့တဲ့ ဂိုး ဟာလည်း ပေးသင့်ပါတယ်လို့ ပြောလာဦးမှာပါ။ အဲ့တာက အရေးမပါတော့ပါဘူး။ ” လို့ တုန့်ပြန်သွားတာဖြစ်ပါတယ်။

အာဆင်နယ် ပွဲအပြီး မန်စီးတီးကလည်း ဝုဗ်ကို ၅-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ၂ သင်းဟာ အမှတ်ပေးဇယားမှာ အကြိတ်အနယ် ရှိနေကြဆဲဖြစ်ပါတယ်။