ယူနိုက်တက် ဥရောပ ဝင်ခွင့် ရနိုင်သေးလို့ အကောင်းမြင်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဂိုးသမား အိုနာနာ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ အခက်အခဲ၊ စိန်ခေါ်မှုတွေ များစွာနဲ့ ပြည့်နှက်နေခဲ့ပြီး အသင်းနဲ့ ပတ်သတ်နေတဲ့ သူတိုင်း အတွက် ခက်ခဲတယ် လို့ ဂိုးသမား အိုနာနာက ဆိုလိုက်ပါတယ်။

မနေ့ညက ပွဲမှာ ချယ်ဆီးအသင်းက ဝက်စ်ဟမ်းကို ဂိုးပြတ် အနိုင်ရပြီးနောက် အမှတ်ပေးဇယားမှာ ယူနိုက်တက်ကို ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ဒီညမှ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲ ယှဉ်ပြိုင် ရမှာပါ။

အသင်းလိုက် ခက်ခဲနေတဲ့ ကြားမှာမှ ဥရောပ ဝင်ခွင့် မဆုံးရှုံးသေးဘူးလို့ အိုနာနာက ယူဆထားပြီး ကောင်းတဲ့ဘက်က ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

” ဒီဘောလုံးရာသီ တစ်ခုလုံးက ကျွန်တော်တို့ အားလုံး အတွက် ခက်ခဲတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့တယ်။ တစ်ဦးချင်းစီ အရရော၊ အုပ်စုလိုက် အနေနဲ့ပါ ဆိုးဝါးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ကောင်းတဲ့ဘက်က မြင်ဖို့ လိုပါတယ်။

ကျွန်တော်တို့ ဘန်လေနဲ့ (၁-၁ သရေ) ပွဲကြောင့် ဥရောပ ဝင်ခွင့် တစ်နေရာ ဆုံးရှုံးသွားပြီ လို့ မထင်သေးပါဘူး။ အားလုံးမှာတော့ တာဝန်ရှိတာပေါ့။ ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ် အရင် ပြောရင် တာဝန် စ ယူရပါမယ်။

တစ်ရာသီလုံးက ခက်ခဲခဲ့တယ်။ ဖြစ်ခဲ့တာတွေ အကုန်လုံး ချပြောမယ် ဆိုရင် ပြောစရာတွေက အများကြီးပေါ့။ ဒဏ်ရာ ပြသနာတွေ၊ ကစားသမားတွေ၊ ကံမကောင်းတာတွေ .. ။ ဒါပေမယ့် ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် ပါ။ အသင်းကြီး တစ်သင်း ဖြစ်ပြီး ဒါတွေ ညည်းညူနေလို့ မရပါဘူး။

အကောင်းမြင်ပြီးပဲ ရှေ့ဆက်ရမယ်။ ပြီးခဲ့တဲ့ အပတ်က ပွဲက ပြီးသွားပြီ။ ဒီတော့ ကောင်းတဲ့ ဘက်ကပဲ ကြည့်ပြီး ဆက် ကြိုးစားသွားရမယ်။ ဒီရာသီက အကောင်းဆုံး ဘောလုံးရာသီ မဟုတ်ပါဘူး၊ ဒါပေမယ့် လာမယ့် ရာသီကျရင်တော့ ပိုကောင်းလာမှာ သေချာပါတယ်။ ” လို့ အိုနာနာ က ပြောဆိုလိုက်ပါတယ်။