ပဲလေ့စ်ကို ၄-ဝ နဲ့ ရှုံးပေမယ့် လေမလျှော့သေးဘဲ အာဆင်နယ်ကို အနိုင်ကန်ပြမယ် လို့ ယူနိုက်တက်နည်းပြ တန်ဟက် ကြုံးဝါး

မနေ့ညက မန်ချက်စတာ ယူနိုက်တက် အသင်း ပဲလေစ့်ကို အဝေးကွင်းမှာ ၄-၀ ဖြင့် ဂိုးပြတ် ရှုံးနိမ့်ပေမယ့် တစ်ယောက်ယောက်ကို အပြစ်ပုံချတာထက် အသင်းလိုက် စွမ်းဆောင်ရည်ကြောင့် ရှုံးရတာလို့ နည်းပြ တန်ဟက်က ဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဥရောပဝင်ခွင့် ၁ နေရာကို အဆုံးသတ်လုနီးပါး ဖြစ်စေတဲ့ ဒီရှုံးပွဲကြောင့် အခုဆိုရင် တန်ဟက်တို့ရဲ့ အသင်းဟာ ကြီး ၆ ကြီးထဲမှာ နောက်ဆုံး နေရာကို ရောက်လာခဲ့ပါပြီ။

ယူနိုက်တက်က လက်ရှိ အဆင့် ၈ နေရာမှာ ရှိနေကာ ဥရောပဝင်ခွင့် မှေးမှိန်လာနေပါတယ်။ ဒါပေမယ့် နည်းပြ တန်ဟက်ကတော့ စိတ်ဓါတ်ကျနေခြင်း မရှိပါဘူး။ တနင်္ဂနွေနေ့မှာ အာဆင်နယ်ကို အနိုင်ယူပြီး အပြောင်းအလဲ ပြန်လည်ဖော်ဆောင်ဖို့ အားခဲနေဆဲပါ။

တန်ဟက်က “ မန်ချက်စတာ ယူနိုက်တက်ဆိုတာ ပိုကောင်းကောင်းလုပ်နိုင်ရမယ့် အသင်းတစ်သင်းပါ။ ကစားလို့ရတဲ့ အသင်းသားတွေကလည်း ဒီထက်ပိုကောင်းသင့်ပါတယ်။

ပဲလေစ့်နဲ့ ပွဲကတော့ ရှုံးသင့်ပါတယ်။ စွမ်းဆောင်ရည်က မျှော်လင့်ထားသလိုမှ မကောင်းခဲ့တာ။ ဒီရှုံးပွဲအတွက် ကစားသမား တစ်ယောက်တည်း အပေါ်မှာ ကျနော်တို့ အပြစ်ပုံချရမှာ မဟုတ်ပါဘူး။ ဒါက အသင်းလိုက် စွမ်းဆောင်ရည် ညံ့ဖျင်းမှုပါ။

ပဲလေစ့်ကို ရှုံးပေမယ့် ကျွန်တော်တို့ လက်ကျန် ၃ ပွဲလုံးကို အနိုင်ကစားပြီး ၉ မှတ်ယူလို့ရပါသေးတယ်။ လာမယ့် တနင်္ဂနွေနေ့ (အာဆင်နယ်ပွဲ) မှာ အနိုင်ရအောင် လုပ်ရပါမယ်။ ဒီနေ့ပွဲကနေ သင်ယူပြီး တိုးတက်လာရမှာပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။

တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။ အဲဒီနောက် နယူးကာဆယ်ကို အိမ်ကွင်း၊ ဘရိုက်တန်ကို အဝေးကွင်းပွဲ ဆက်လက် ရင်ဆိုင်ရမှာပါ။