ချယ်ဆီး အသင်းဖော်ဟောင်းထဲက တစ်ယောက်ကိုမှ အာဆင်နယ်အသင်းထံ မခေါ်ချင်တဲ့ ကိုင်ဟာဗက်ဇ်

ဂျာမန်သား တိုက်စစ်သမား ကိုင်ဟာဗက်ဇ် ကတော့ လက်ရှိကလပ် အာဆင်နယ် အသင်းထံ သူ့ အသင်းဟောင်း ချယ်ဆီးမှ အသင်းဖော် တစ်ယောက်ကိုသာ ခေါ်ခွင့် ရမယ် ဆိုရင် ဘယ်သူ့ကို ခေါ်ချင်သလဲ ဆိုပြီး မေးခွန်းထုတ်ခံခဲ့ရရာ ပြန် မဖြေနိုင် ဖြစ်သွားခဲ့ရပါတယ်။

ဟာဗက်ဇ် ကတော့ ချယ်ဆီး အသင်းဖော်ဟောင်းထဲက ဘယ်သူ့ကိုမှ အာဆင်နယ်ထံ ခေါ်ချင်တာ မရှိဘဲ အာဆင်နယ် အသင်းဟာ လက်ရှိ လူစာရင်းနဲ့ ပြီးပြည့်စုံနေတယ် လို့ ယုံကြည်နေတာပါ။

တရုတ် streaming service iQIYI နဲ့ အင်တာဗျူးမှာ ဟာဗက်ဇ် ဟာ ချယ်ဆီး အသင်းဖော်တွေထဲက ဘယ်သူ့ကို အာဆင်နယ် ခေါ်ချင်သလဲ မေးခွန်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟာဗက်ဇ် က ” ကျွန်တော် ဘယ်သူ့ ရွေးရမလဲ သိတောင် မသိဘူး ဖြစ်နေတယ်။ အာဆင်နယ်မှာက သူ့ နေရာနဲ့ သူ ပြီးပြည့်စုံနေပြီးသားပါ။ ကျွန်တော်ကတော့ လက်ရှိ လူတွေနဲ့ပဲ ကျေနပ်ပါတယ်။ ” လို့ တုန့်ပြန် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေကမှ ချယ်ဆီးကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာတဲ့ ကိုင်ဟာဗက်ဇ် ဟာ ရာသီ အစမှာ ဝေဖန် စောင့်ကြည့်မှုတွေ ခံယူခဲ့ရသေးပေမယ့် မြောက်လန်ဒန်ကလပ်ရဲ့ အဓိက အသင်းသား အဖြစ် ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။

ဒီရာသီမှာ ဟာဗက်ဇ်က ပရီးမီးယားလိဂ် ကို ၁၂ ဂိုး သွင်းထားသလို ဂိုးထောက်ပံ့မှု ၆ ကြိမ်လည်း ပြုလုပ်ထားပါတယ်။ အာဆင်နယ် အသင်းဟာ ဆယ်စုနှစ် နှစ်ခုစာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒီရာသီမှာ ပရီးမီးယားလိဂ် ဆုဖလား ပြန်လည် ရယူဖို့လည်း အခွင့်အရေးတွေ ရှိနေပါတယ်။