ပီအက်စ်ဂျီ ထွက်ခဲ့ရပြီးနောက် ဘယ်အသင်း ချန်ပီယံလိဂ် ဗိုလ်စွဲစေချင်သလဲ ထုတ်ပြောခဲ့တဲ့ နည်းပြ အန်ရီကေး

နည်းပြ အန်ရီကေး ကိုင်တွယ်နေတဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် ဆီမီး ဒုတိယအကျော့မှာလည်း ဒေါ့မွန်ကို ၁-၀ ဖြင့် ထပ်မံ ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

ပြင်သစ် ချန်ပီယံတွေဟာ ဖိုင်နယ်ကို ရောက်ဖို့ ရေးပန်စားပေမယ့် ပထမအကျော့မှာကော ဒုတိယအကျော့မှာပါ ဒေါ့မွန်ကို ၁-၀ နဲ့ချည်း ရှုံးနိမ့်တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဘွန်ဒက်လီဂါမှာ အဆင့် ၅ နေရာမှာပဲ ရှိနေတဲ့ ဒေါ့မွန်အတွက်ကတော့ ၂၀၁၃ ခုနှစ်တုန်းက သူတို့ ရောက်ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကို ဆယ်စုနှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ပါပြီ။

ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် အတွဲက တက်လာတဲ့အသင်းဟာ ဖိုင်နယ်မှာတော့ ဒေါ့မွန်နဲ့ ထိပ်တိုက်တွေ့မှာပါ။ ပထမအကျော့မှာ ၂-၂ သရေကျထားတဲ့ အဆိုပါ ၂ သင်းဟာ ဒုတိယအကျော့အဖြစ် ဘာနေဗျူးကွင်းမှာ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီ နည်းပြ အန်ရီကေးကတော့ သူတို့ အသင်း ထွက်ခဲ့ရပြီးနောက် ဒေါ့မွန်ကို ချန်ပီယံလိဂ် ဖလား ရပါစေ ဆုတောင်းပေးပါကြောင်း ဆိုခဲ့ပါတယ်။

‘ ရလဒ်ကို လက်ခံဖို့က ခက်ခဲပါတယ်။ အကျိတ်အနယ် ကစားခဲ့ပြီး ကျနော်တို့ ဒီပွဲကို နိုင်ခဲ့သင့်တာပါ။ ကန်သွင်းခွင့် ၃၁ ကြိမ်တောင် ဖန်တီးနိုင်ခဲ့တယ်။ တိုင် ၄ ကြိမ် ထိခဲ့ပါတယ်။ တခါတလေတော့ ဘောလုံးက မမျှတပါဘူး။

ဒါပေမယ့် ဒေါ့မွန်ကိုလည်း ဂုဏ်ပြုပါတယ်။ သူတို့က အသင်းကောင်းပါ။ သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာဖြစ်သလို ဖိုင်နယ်မှာလည်း သူတို့ အနိုင်ရစေဖို့ မျှော်လင့်ပါတယ် ’ လို့ အန်ရီကေးက ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြိုင်ဘက်က ရီးရဲလ်မက်ဒရစ်ဖြစ်မလား? ဘိုင်ယန်မြူးနစ်ဖြစ်မလား? မကြာခင် သိရတော့မှာဖြစ်ပါတယ်။