သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ဒီည ဘာနေဗျူးမှာ ယှဉ်ပြိုင်မယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရမယ့် အသင်းကို ရွေးထုတ်သွားပါတယ်။
ဒီနှစ်သင်းဟာ ပထမအကျော့ ဂျာမန်မြေမှာ ၂-၂ သရေကျခဲ့တာကြောင့် ဒီတစ်ကျော့မှာတော့ အောင်နိုင်မယ့် အသင်း ထွက်ပေါ်လာရမှာပါ။ မိနစ် ၉၀ မှာ ရလဒ် မပြတ်သားရင် အချိန်ပိုနဲ့ ပင်နယ်တီတွေ ကစားရဖို့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အင်္ဂလန်ခံစစ်မှူးဟောင်းကြီး ဖာဒီနန် က TNT Sports ကနေ ဆီမီးဖိုင်နယ်ပွဲကောင်းအတွက် အခုလို သုံးသပ် ခန့်ျွှန်းခဲ့ပါတယ်။
ဖာဒီနန်က ‘ ကျနော်ကတော့ ဒီပွဲမှာ သွင်းဂိုးတွေ မြင်ရမယ်လို့ ထင်ပါတယ်။ နှစ်သင်းလုံးမှာ အန္တရယ်ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။
ဒေါ့မွန်နဲ့ ပီအက်စ်ဂျီပွဲမှာတော့ ကျနော် ခန့်မှန်းတာ လွဲသွားခဲ့တယ်။ ကျနော်က ပီအက်စ်ဂျီကို ရွေးခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်နဲ့ ဘိုင်ယန်မှာတော့ ရီးရဲလ် တက်သွားမယ် ထင်ပါတယ်။ သူတို့ရဲ့ အိမ်ကွင်း၊ သမိုင်းကြောင်းနဲ့ သူတို့အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကြောင့်ပဲ ဖိုင်နယ်ကို တက်နိုင်မှာပါ။
နှစ်သင်းလုံးက ဖိုင်နယ်ကို တက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိပါတယ်။ ဒေါ့မွန်ကို မလေးစားတာ မဟုတ်ပေမယ့် ရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ် အတွဲက တက်လာမယ့် အသင်းက ဖိုင်နယ်မှာ ဒေါ့မွန်ကို အနိုင်ယူသွားနိုင်ပါတယ်။ ’ လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။