ရီးရဲလ်ဘက် ဒိုင်ပါခဲ့တာလား? .. ပွဲပြီးမှ ဆောရီးပါ တောင်းပန်တဲ့ ဒိုင်လူကြီး အကြောင်း ဖွင့်ချခဲ့တဲ့ တူချယ်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘိုင်ယန်မြူးနစ်ကို ၂-၁ ရလဒ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲထံ တက်ရောက်သွားပြီဖြစ်ပါတယ်။

အဆိုပါပွဲမှာ အငြင်းပွားစရာ ဖြစ်ရပ်တစ်ခုအဖြစ် ပွဲကို ၂-၂ သရေ ရလဒ် ဖြစ်သွားစေနိုင်တဲ့ ဒီလစ်ရဲ့ သွင်းဂိုးဟာ ခွင့်ပြုခြင်း မခံခဲ့ရပါဘူး။

စည်းကြပ်ဒိုင်က ဒီလစ် ဂိုးမသွင်းခင်မှာ ဘိုင်ယန်ကစားသမားတွေ လူကျွံနေကြောင်း အလံထောင်ခဲ့ကာ ဒိုင်လူကြီးကလည်း ဝီစီမှုတ်ခဲ့တာပါ။ ဖြစ်ရပ်ကို ပြန်ပြချိန်မှာတော့ လူကျွံမှုဟာ အတော်လေး ပြောရခက်တဲ့ အခြေအနေမျိုးဖြစ်နေခဲ့ပါတယ်။

ဘိုင်ယန်ဘက်က အဆိုပါ ဆုံးဖြတ်ချက်ကို မပျော်ရွှင်နိုင်ခဲ့ဘဲ တူချယ်ကတော့ စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

တူချယ်က ” ပွဲအပြီးမှာ စည်းကြပ်ဒိုင်က ဆောရီးပါ တောင်းပန်တယ် တဲ့။ ဒီလိုအဆင့် ပြိုင်ပွဲမှာ ပွဲပြီးမှ တောင်းပန်တာ အကူအညီမဖြစ်ပါဘူး။ နောက်ဆုံးမိနစ် အဆုံးအဖြတ် နီးနေချိန် အလံထောင်တာကလည်း မလုပ်သင့်ဘူး။

ဒိုင်လူကြီးကော အတူတူပါပဲ။ သူလည်း ဝီစီ မမှုတ်သင့်ပါဘူး။ ကျနော်တို့ second ball ရတာကို သူ မြင်နေတာပဲ။ ကျနော်တို့ ကန်ဖို့ လုပ်နေတာ သူ မြင်တာပဲ။ ဝီစီမှုတ်လိုက်တာကတော့ သိပ်ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ။

ဒါက ဘောလုံး စည်းမျဉ်းတွေကိုလည်း ဆန့်ကျင်နေတယ်။ ဒိုင် ၂ ယောက်လုံးက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့တယ်။ ဒါက ကပ်ဘေးကြီးလိုပါပဲ၊ လက်ခံပေးနိုင်ဖို့ ခက်ခဲပါတယ်။ ” လို့ ဝေဖန်ခဲ့ပါတယ်။

နောက်ဆုံးမိနစ် နောက်ဆုံး စက္ကန့်မှာ ခြေပဂိုးသွင်းပေမယ့် ပယ်ဖျက်ခံလိုက်ရတဲ့နောက် ဘိုင်ယန်ခံစစ်မှူး ဒီလစ်ကတော့ ဒိုင်လူကြီးတွေဟာ မက်ဒရစ် ဖိုင်နယ် တက်နိုင်ဖို့ ကူညီပေးခဲ့ကြတယ်လို့ ပေါ်တင် စွပ်စွဲသွားသေးတာ ဖြစ်ပါတယ်။