မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် အလားအလာနဲ့ သူမျှော်နေတဲ့ ကိစ္စ ဖွင့်ဟလာတဲ့ ဒေးဗစ် ဆီးမန်း

အာဆင်နယ် ဂန္တဝင်၊ ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းကတော့ မန်စီးတီးနဲ့ သူ့ အသင်းဟောင်း အာဆင်နယ် တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲ အလားအလာကို သုံးသပ်စကား ဆိုလာခဲ့ပါတယ်။

ဆီးမန်းကတော့ လက်ကျန်ပွဲတွေမှာ တစ်ပွဲမှ မန်စီးတီး အမှတ်လျော့ဖွယ် မရှိဘူး ဆိုတာ ဝန်ခံလိုက်ပြီး ဒီဖိအားတွေ အောက်မှာ ထူးခြားတဲ့ ကိစ္စတွေ ဖြစ်လာဖို့ပဲ မျှော်ရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

” ကျွန်တော် ရိုးရိုးသားသား ပြောရရင် .. မန်စီးတီးက ပွဲတိုင်းနိုင်ဖို့ကလွဲပြီး တခြားဖြစ်စရာ မမြင်ဘူး။ သူတို့အတွက် ခက်မှာ ဆိုလို့ စပါးနဲ့ အဝေးကွင်း ပဲ ရှိမယ်။ စပါးရဲ့ လက်ရှိ ခြေစွမ်းကလည်း မန်ချက်စတာ ယူနိုက်တက် လိုပဲ ဆိုးဝါးနေတာ။

အာဆင်နယ် ဖလားရဖို့ ဆိုရင် မန်စီးတီးက တစ်ပွဲ သရေ ဒါမှမဟုတ် ရှုံးမှ ရမှာ။ သူတို့ သရေ ကျရင်တော့ ဂိုး ကွာခြားချက် ကြည့်နိုင်မှာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ကတော့ တစ်ပွဲတောင် သရေကျဖွယ် မရှိဘူးလို့ မြင်တယ်။

အာဆင်နယ်ကလည်း တဖက်မှာ မန်ယူနိုက်တက်ကို အနိုင်ကန်နိုင်ဖို့ မျှော်လင့်တယ်။ အဲဒီပွဲကလည်း ခက်မှာပါ။ အဲဒီနောက်တော့ နောက်ဆုံးနေ့မှာ ဘာဖြစ်လာမလဲ ကြည့်ရမှာပဲ။ ဒီလို ဖိအားအောက်မှ ထူးထူးခြားခြား ကိစ္စတွေကလည်း ဖြစ်လာတတ်တယ်မလား။ ” လို့ ဆီးမန်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ရာသီသိမ်းဖို့ ပွဲနည်းနည်းပဲ လိုတော့ချိန်မှာ အာဆင်နယ်နဲ့ မန်စီးတီး တို့ နှစ်သင်းပဲ ပရီးမီးယားလိဂ် ဖလားလုဖို့ အပြိုင် ကြိုးစားနေပြီ ဖြစ်ပါတယ်။