တန်ဟက် နေရာဝင်လာပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာသူများ

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ရလဒ်တွေ တည်ငြိမ်အောင် မထိန်းနိုင်တာကြောင့် ဒီရာသီအကုန်မှာ နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်သွားနိုင်ခြေ မြင့်တက်လာနေပြီဖြစ်ပါတယ်။

တန်ဟက်ကလည်း ယခင် နည်းပြ ဆိုးရှား၊ ရင်းနစ် တို့လိုပဲ ထူးမခြားနားဇာတ်ခင်းကာ မန်ချက်စတာ ကလပ်ကို အောင်မြင်မှုတွေ ပြန်ယူဖို့ မစွမ်းဆောင်နိုင်ဘူး ဖြစ်နေပါတယ်။

၂၀၂၂ ခုနှစ် နွေမှာ ယူနိုက်တက် နည်းပြဖြစ်လာခဲ့တဲ့ တန်ဟက်ဟာ များစွာသော ဝေဖန်ခံရမှုတွေ ရှိနေပေမယ့် ကလပ်ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်နေရတာကြောင့် ရာထူးထိုင်ခုံမှာ ဆက်ရှိခွင့်ရနေခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ်တွေဟာ အသင်းရဲ့ ဘောလုံးဆိုင်ရာ အော်ပရေရှင်းတွေကို အကဲဖြတ်မှုတွေ လုပ်နေကြချိန်မှာ ကွင်းတွင်း အခြေအနေ တည်ငြိမ်နေဖို့ နည်းပြတန်ဟက်ကို ရာသီကုန်ထိ အိုးထရတ်ဖိုဒ့်မှာ ဆက်ထိန်းထားဦးမှာပါ။

ယူနိုက်တက် ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဟာ ရာသီကုန်မှာတော့ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိနေကာ သူ့နေရာ အစားထိုးမယ့်သူတွေကို စတင် ရှာဖွေနေပါပြီ။

လက်ရှိမှာ ဘိုင်ယန်မြူးနစ် နည်းပြ သောမက်စ် တူချယ်၊ အင်္ဂလန်နည်းပြ ဆောက်ဂီတ်၊ စပို့တင်းနည်းပြ အမ်မိုရင်း၊ ဘိုလော့ညာနည်းပြ သီယေဂို မော်တာ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ဟာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ရေပန်းစားလာပါတယ်။

ယူနိုက်တက်ကတော့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ မတိုင်ခင် တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ခြင်း ပြုလုပ်မှာမဟုတ်ဘဲ ကလပ်ရဲ့ တည်ငြိမ်မှုကို တတ်နိုင်သလောက် ဆက်ထိန်းသွားဦးမှာဖြစ်ပါတယ်။