ဒီည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – အာဆင်နယ် ပွဲ အတွက် အမြင်တွေ မတူကြတဲ့ နဗီးလ်နဲ့ ရွိုင်ကိန်းရဲ့ ခန့်မှန်းချက်များ

ဒီ တနင်္ဂနွေည အိုးထရတ်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် ပွဲစဉ်မှာ ဘယ်အသင်း အနိုင်ရမလဲ ခန့်မှန်းကြရာ သရဲနီဟောင်းကြီး နှစ်ဦး ဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးတို့ သဘောထား မညီခဲ့ကြပါဘူး။

ဒီတလော ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဇယားထိပ်က အာဆင်နယ်ကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပေမယ့် သိက္ခာဆယ်တဲ့ အနေနဲ့ ဂိုးတော့ ပြန်သွင်းမယ်လို့ ရွိုင်ကိန်းက ယူဆထားပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက “ ယူနိုက်တက်တို့ ဂိုးတော့ သွင်းမှာပါ။ အာဆင်နယ်က ၂-၁ ဒါမှမဟုတ် ၃-၁ နဲ့ နိုင်သွားပါမယ် ” လို့ ခန့်မှန်းခဲ့တယ်။

ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးကတော့ ရွိုင်ကိန်းရဲ့ ခန့်မှန်းကို သဘောမတူပါဘူး။ အိုးထရတ်ဖို့ဒ်မှာ ကစားမယ့်ပွဲဟာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုကို အပြောင်းအလဲ ဖြစ်စေနိုင်ဆဲ လို့ နဗီးလ် ယူဆထားပြန်ပါတယ်။

ဂယ်ရီနဗီးက “ အာဆင်နယ်အတွက်တော့ ပွဲကြီးပွဲကောင်းပါ။ ဇယားအထက်က အသင်းတွေကို ရင်ဆိုင်ရာမှာ ယူနိုက်တက်ရဲ့ ရလဒ်တွေက မဆိုးလှပါဘူး။

အာဆင်နယ်တို့ အနိုင်ရပါ့မလား မသေချာပါဘူး။ အာဆင်နယ် နိုင်သင့်တယ်ဆိုပေမယ့် ပုံမှန်အားဖြင့် အိုးထရတ်ဖိုဒ့်မှာက ရူးသွပ်မှုတွေ ရှိနေတတ်တာပါ။ ထင်သလို မဖြစ်တာတွေ ရှိလာနိုင်တယ်။ အာဆင်နယ် နိုင်သင့်တယ် ခံစားရပေမယ့် ၂-၂ ဖြစ်သွားမယ် ထင်ပါတယ် ” လို့ ပြောဆို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။