အာဆင်နယ်အသင်းဟာ မနေ့ညက မန်ချက်စတာ ယူနိုက်တက် ကို ၁-ဝ နဲ့ အနိုင်ယူပြီးနောက် အမှတ်ပေးဇယား ပထမ နေရာမှာ စီးတီးထက် တစ်မှတ် အသာနဲ့ ပြန်လည်ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီး အသင်းက ပွဲကျန် တစ်ပွဲ ရှိနေသေးပြီး လာမယ့် ကြားရက်မှာ တော့တင်ဟမ် စပါးကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
စီးတီးဟာ စပါးကွင်းသစ်မှာ ပရီးမီးယားလိဂ် ပွဲ တစ်ခါမှ မနိုင်ဖူးသေးတဲ့ မှတ်တမ်း ရှိနေပြီး နည်းပြ ပက် ဂွာဒီယိုလာကလည်း ဒီပွဲဟာ ပွဲကျန်ထဲ အခက်ခဲဆုံး ပွဲ ဖြစ်ကြောင်း အရင်တည်းက ပြောခဲ့ဖူးပါတယ်။
အာဆင်နယ် တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကတော့ သူက စပါး အသင်းရဲ့ အမာခံ ပရိသတ်ကြီး ဖြစ်သွားပြီ လို့ စပါးကို အားပေးမယ့် အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာသလို ဂန်းနားဟောင်းကြီး ပေါမာဆန်ကလည်း စပါးဘက်က ဘယ်လိုရှိမယ့် အကြောင်း ပေါ်တင် ပြောလာပြီ ဖြစ်ပါတယ်။
မန်စီးတီး စပါးနဲ့ ပွဲမှာ အမှတ်လျော့စေဖို့ ဆုတောင်းနေမယ့် အကြောင်းကို ကိုင်ဟာဗက်ဇ် က ” ကျွန်တော်ကတော့ တော့တင်ဟမ် ရဲ့ အမာခံ ပရိသတ်ကြီး ဖြစ်တော့မှာ။ ကျွန်တော်တို့ အားလုံးပဲ။ ဒီတော့ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ကြတာေ့ပါ့။ ” လို့ စကိုင်းစပေါ့မှာ ပြောဆိုခဲ့ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကလည်း တော့တင်ဟမ် စပါး အသင်းဟာ မန်စီးတီးကို အမှတ်လျော့အောင် လုပ်နိုင်မယ် လို့ မထင်ပေမယ့် စပါးနိုင်ရင် တက်တူးပါးပါ ထိုးပစ်မယ် လို့ ကြွေးကြော်ခဲ့ပါတယ်။
” သူတို့ (တော့တင်ဟမ် စပါး)သာ နိုင်မယ် ဆိုရင်ဗျာ တော့တင်ဟမ် တက်တူး ကို ထိုးပစ်မှာ.. ကျွန်တော်က.. 😆 ” လို့ ပေါမာဆန်ကလည်း စကိုင်းစပေါ့ အစီအစဉ်ကနေ အသိပေး ပြောဆိုခဲ့တာပါ။
အာဆင်နယ် နည်းပြ မီခေးလ် အာတီတာကတော့ စပါး – မန်စီးတီးပွဲကို သေချာပေါက် စောင့်ကြည့်နေမှာ ဖြစ်ကြောင်းနဲ့ ဖြစ်နိုင်ခြေတွေ အကုန်လုံး ရှိနေသေးကြောင်း ဆိုခဲ့ပါတယ်။