ယူနိုက်တက်က ပွဲထွက် ကစားသမား ၇ ယောက်ထိ မပါနိုင်ဘူးလေဗျာ ဆိုတဲ့ Mr Reason တန်ဟက်ရဲ့ ပွဲပြီး ပြောစကား

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ဧည့်ခံ ကစားရာ သုံးသပ်ဆရာကြီးတွေ ခန့်မှန်းသလိုတော့ ဂိုးမပြတ်ခဲ့ဘဲ ၁-ဝ နဲ့ပဲ အရေးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ သူ့အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ပွဲထွက် ကစားသမား ၇ ယောက်ထိ ဒဏ်ရာ ရနေတဲ့ အပေါ် ထောက်ပြ သွားပါတယ်။

” ကျွန်တော်တို့ တကယ်ကို အာဆင်နယ်နဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင် ကစားခဲ့တာပါ။ တစ်ပွဲလုံး same level ယှဉ် ကစားသွားတာ ခင်ဗျားတို့လည်း တွေ့ပါလိမ့်မယ်။

ကျွန်တော်တို့ ပွဲထွက် ၁၁ ယောက် ထဲက ၇ ယောက် မပါနိုင်တဲ့ အချိန်မှာ ဒီပွဲထဲ ဒီလို ကစားနိုင်ခဲ့တယ်၊ ရလဒ်ကောင်းတောင် ရနိုင်ခဲ့ပါတယ်။ တဖက်မှာ အာဆင်နယ်က ဒဏ်ရာရ ကစားသမား တစ်ယောက်ပဲ ရှိပါတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လူစာရင်း အင်အားနည်းနေတဲ့ ကြားက ပရီးမီးယားလိဂ် ချန်ပီယံ ဖိအားဝင်နေတဲ့ အာဆင်နယ်ကို ယှဉ်ကစားနိုင်ခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲရလဒ် အရတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ ၂ ပွဲ အလိုမှာ အဆင့် ၈ နေရာမှာပဲ ရှိနေပြီး သမိုင်းတလျောက် အဆိုးဆုံး ရပ်တည်မှု ဖြစ်လာဖွယ်လည်း ရှိနေပါတယ်။