တနင်္ဂနွေနေ့ညက မန်ချက်စတာ ယူနိုက်တက် ဝ-၁ အာဆင်နယ် ပွဲအပြီးမှာ အာတီတာရဲ့ အသင်းက ဇယားထိပ်ကို ပြန်တက်သွားပေမယ့် အချိန်တန်ရင်တော့ စီးတီးပဲ အောင်မြင်လိမ့်မယ်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေက ယူဆထားကြပါတယ်။
ကလပ် ၂ သင်းကြား ရမှတ် သိပ်မကွာခြားပေမယ့် ချန်ပီယံဖြစ်ဖို့ကတော့ လက်ကျန် ပွဲတွေကို အနိုင်ယူဖို့ လိုအပ်တာပါ။ စီးတီးဟာ ပွဲတွေကို အနိုင်ယူဖို့ သံသယဝင်သင့်တဲ့ အသင်းမျိုး မဟုတ်ကြောင်း ရွိုင်ကိန်းက သတိပေးပါတယ်။
” ဘာကြောင့်များ အရင် ၄-၅ ပတ်တုန်းက မန်စီးတီးကို သံသယ ဝင်မိခဲ့တယ် မသိဘူး။ ဒီအပတ်တွေထဲမှာ သိလာရတာက မန်စီးတီးကို သံသယ မဝင်သင့်ပါဘူး။ သူတို့ရဲ့ လူစာရင်း တောင့်တင်မှု၊ အရန်စာရင်းနဲ့ ကမ္ဘာ့အဆင့် နည်းပြ အားလုံး ရှိနေတာပါ။
မန်စီးတီးက စက်တစ်ခုပါ။ ဖူလ်ဟမ်လို မလွယ်တဲ့ အသင်းကိုတောင် သူတို့ ၄ ဂိုးသွင်းခဲ့တယ်။ အခုချိန်မှာ မန်စီးတီး ရပ်တန့်သွားမယ် မထင်မိပါဘူး ” လို့ ရွိင်ကိန်းက ပြောဆိုခဲ့ပါတယ်။
ဂန်းနားဟောင်း ပေါမာဆန် ကိုယ်တိုင်ကလည်း အာဆင်နယ်ဟာ နိုင်ပွဲဆက်ယူနေပြီး ဇယားထိပ်ကို ပြန်ပြန်ရောက် လာပေမယ့် အချိန်တန်ရင် ဒုတိယနေရာက ရာသီသိမ်းမယ်လို့ပဲ ထင်မြင်နေပါတယ်။
ပေါမာဆန်ကတော့ ” အက်စတွန်ဗီလာကို ရှုံးခဲ့ကတည်းက အာဆင်နယ်အသင်း ဖလားစိန်ခေါ်မှုက ပြီးသွားပြီလို့ ကျနော် မြင်ခဲ့ပါတယ်။ ဒါက အခုချိန်ထိလည်း မပြောင်းသေးပါဘူး။
မန်စီးတီးက ဖိအားတွေကို ကိုင်တွယ်ပြီး အနိုင်ယူနေတာ စိတ်ပျက်စရာပဲ။ သူတို့က သိပ်ကောင်းတဲ့ ဘောလုံးအသင်းပါ။ အာဆင်နယ်က ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းမှာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။