ဒီညမှာတော့ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် တော့်တင်ဟမ် စပါးအသင်းနဲ့ မန်စီးတီးတို့ လန်ဒန်မှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပြီး ဘောလုံး ပရိသတ်တွေ အားလုံးက ရင်ခုန်စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။
မန်စီးတီး အနေနဲ့လည်း ဒီပွဲကို သရေ ကျလို့တောင် မရဘဲ အနိုင်ကန်မှသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ သေချာနိုင်မှာပါ။ ဒီတလော ခြေစွမ်းထက်နေတဲ့ စီးတီးကို စပါးတို့ ရပ်တန့်နိုင်မယ်လို့လည်း မထင်ကြပါဘူး။ စပါး အရေးနိမ့်ရင် တဖက်မှာ ချန်ပီယံ ဖြစ်သွားနိုင်တာကလည်း လန်ဒန်ခါးသီး ပြိုင်ဘက် အာဆင်နယ် ဖြစ်နေပါတယ်။
စပါးနည်းပြ ပိုစတီကိုဂလူ ကတော့ စီးတီးကို ချန်ပီယံ လုပ်ဖို့ စပါးအသင်းက ကော်ဇောနီ ခင်းပေးနေမှာ မဟုတ်ဘဲ နိုင်အောင် ကစားသွားမယ်လို့ ပွဲကြိုမှာ အသိပေးလိုက်ပါတယ်။
” ကျွန်တော်တို့ ပရိတ်တွေ အများစုကကို ကျွန်တော်တို့ မနိုင်စေချင်ဘူးလို့ ခင်ဗျားက ထင်နေတာလား? ကျွန်တော်တော့ အဲဒီလု မမြင်ပါဘူး။ ကျွန်တော်တို့ ပရိသတ် အများစုကပဲ ပွဲတွေမှာ အမြဲဖန်တီးနေကြ တက်ကြွတဲ့ အားပေးမှုတွေ လုပ်ကြဦးမှာ လို့ ကျွန်တော် ထင်တယ်။
ကျွန်တေ်ာတို့မှာ အနိုင်ကန်ရမယ့် ပွဲ တစ်ပွဲ ရှိတယ်၊ ဒါကို နိုင်အောင် ကြိုးစားသွားရမှာပဲ။ မန်စီတီးက မနိုင်သေးပါဘူး။ ဒါပေမယ့် သူတို့ နိုင်နေပြီလို့ ခင်ဗျားတို့ ထင်ရင် ဒါက ပြဿနာပဲ။
ကျွန်တော်တို့က မန်စီးတီးကို ကော်ဇောနီခင်းပြီး ကြိုပေးနေမှာ မဟုတ်ဘူး။ အဲဒီလို လုံးဝ လုပ်မှာ မဟုတ်ဘူး။ သူတို့ နိုင်တာ ကစားတာ ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ အဲဒီလို လူစား မဟုတ်ဘူး။ ” လို့ စပါး နည်းပြ ပိုစတီကိုဂလူ က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တော့တင်ဟမ် စပါးအသင်းကလည်း တစ်ပွဲ ပိုကစား၊ ၅ မှတ် အသာနဲ့ အဆင့် ၄ နေရာမှာ ရှိနေတဲ့ အက်စတွန်ဗီလာကို နောက်ဆုံး အချိန်ထိ ဖိအားပေးဖို့က စီးတီးကို အနိုင်ကန် ၃မှတ်ပြည့် ယူမှသာ ဖြစ်နိုင်မှာပါ။