မန်ချက်စတာ စီးတီးအသင်းဟာ တော့တင်ဟမ် စပါးကို အဝေးကွင်းမှာ ၂-၀ ဖြင့် အနိုင်ရပြီးတဲ့နောက် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တစ်ပွဲစာ၊ မိနစ် ၉၀ သာ လိုအပ်တော့တာ ဖြစ်ပါတယ်။
စပါးကလည်း ဂုဏ်သိက္ခာအတွက် ကစားခဲ့တာမို့ ပထမပိုင်းဟာ စီးတီးအတွက် ခက်ခဲခဲ့ပြီး လန်ဒန်ကလပ်ဟာ ကောင်းမွန်တဲ့ အသင်းဖြစ်သလို အနာဂတ်မှာ အောင်မြင်နိုင်တယ်လို့ ဂွာဒီယိုလာက မှတ်ချက်ပေးပါတယ်။
ဂွာဒီယိုလာက ” ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ခက်ခဲမယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။ စပါးအသင်းဟာ သူတို့ ဂုဏ်သိက္ခာအတွက် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ကြပါတယ်။ အဲ့လို အသင်းကို ရင်ဆိုင်ရတာ ခက်ခဲပါတယ်။
သူတို့ရဲ့ မန်နေဂျာက စုစည်းပေးနိုင်ရင် စပါးအသင်းဟာ အနာဂတ်မှာ မယုံနိုင်စရာ အသင်းကောင်းဖြစ်လာမှာပါ။ ကျနော်တို့ကတော့ နောက်ဆုံးပွဲအတွက် အခွင့်အရေး ရခဲ့ပါပြီ ” လို့ ထုတ်ပြောခဲ့ပါတယ်။
မန်စီးတီးဟာ ရာသီသိမ်းပွဲအဖြစ် အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ရမယ်ဆိုရင် ၄ ရာသီဆက် ချန်ပီယံဖြစ်လာတော့မှာပါ။ အဆိုပါပွဲဟာ အခက်ခဲဆုံးပွဲ ဖြစ်လာမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။
” နောက်ဆုံးပွဲတွေက အခက်ခဲဆုံးပါ။ ကျနော်တို့ခေတ်မှာ အက်စတွန်ဗီလာကို ရင်ဆိုင်ခဲ့ရသလိုပေါ့။ အရင်တုန်းကလည်း အဂွယ်ရိုက ၉၃ မိနစ် စက္ကန့် ၂၀ မှာ ကျူပီအာကို သွင်းခဲ့ဖူးတယ်။
အခုတော့ အန်တိုနီယို၊ ဘိုဝင်နဲ့ ဝက်ပရောက်စ် တို့ကို သတိထားရမှာပေါ့။ တစ်ရက်နားမယ် ၂ ရက် ပြင်ဆင်မယ် ပြီးရင် အကောင်းဆုံး ကြိုးစားပါမယ်။” လို့ ဂွာဒီယိုလာက ဆိုသွားခဲ့တာ ဖြစ်ပါတယ်။